Skip to main content

ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းမှ နှစ်ဆတိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်း

နေပြည်တော် ဩဂုတ် ၂၁

တရားမဝင် ဖမ်းဆီးခြင်းအပါအဝင် သဘာဝဂေဟစနစ်ကို ထိခိုက်စေမည့် ငါးဖမ်းနည်းများအသုံးပြုခြင်းနှင့် မြန်မာ့ရေသယံဇာတများ ပျက်သုဉ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် သက်ဆိုင်သူအားလုံးက တာဝန်သိစိတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်

ဆက်လက်၍ ဒုတိယဝန်ကြီးက သဘာဝမြစ်ချောင်းများ၊ ဆည်ကန်များတွင် အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာသော ငါးသယံဇာတများ ပြန်လည်ဖြည့်တင်းပေးနိုင်ရန်နှင့် အာဟာရပြည့်ဝသော ငါးအသားရိက္ခာကို ပြည်သူများဖူလုံစွာ စားသုံးနိုင်ကြစေရန် ငါး၊ ပုစွန်မွေးမြူခြင်းလုပ်ငန်းမှ နှစ်ဆတိုးထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ စားသုံးသူဘေးကင်းလုံခြုံရေးနှင့် ပြည်ပပို့ကုန်အရည်အသွေး ပြည့်ဝရေးကို လုပ်ငန်းရှင်များဘက်က တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး (GAqP) ကျင့်စဉ်လိုက်နာကျင့်သုံးမှု ပိုမိုကျယ်ပြန့်လာစေရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ကြို့ကုန်းရှိ အရှေ့တိုင်းစွမ်းအား အပြည်ပြည်ဆိုင်ရာလီမိတက်၏ ငါး၊ ပုစွန်သိုလှောင်အေးခဲခြင်းနှင့် ပြည်ပို့ကုန်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ညနေပိုင်းတွင် ပြည်လမ်း(၉)မိုင်ရှိ ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမ၌ တိုင်းအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍကို အခြေခံသည့် နိုင်ငံတော်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့်အလတ်စား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်များ ထားရှိကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီးဌာနအလိုက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်