မန္တလေး ဩဂုတ် ၂၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာ ဓမ္မသဟာယသာသနစင်တာ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်နှင့် နိုင်ငံတော်ဩဝါဒါစရိယဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာ(ပြင်ဦးလွင်) ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမထေရ်မြတ်တို့ သီတင်းသုံးရာကျောင်းတိုက်များသို့ သွားရောက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ကွယ်ပျောက်ရန်မရှိ
ထို့နောက် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်က ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်တွင် ပိဋကတ် သုံးပုံ၊ ပါဠိတော် အုပ်ရေ ၄၀ ကို ကျောက်စာချပ်များပေါ် ကျောက်ထက် အက္ခရာတင်ထိန်းသိမ်းထားခြင်း၊ ပရိယတ္တိသာသနာတော်၏ အဓိကအရင်းအမြစ်ဖြစ်သည့် ပရိယတ္တိစာပေများ သင်ကြားမှု၊ သင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိခြင်း၊ ဓမ္မာစရိယစာမေးပွဲ၊ တိပိဋကစာမေးပွဲများ ကျင်းပပေးလျက်ရှိခြင်း ပိဋကတ် သုံးပုံ၊ အုပ်ရေ ၄၀၊ စာမျက်နှာ ၁၅၀၀၀ ကျော်၊ အဋ္ဌကထာ ၅၂ အုပ်၊ ဋီကာ ၂၆ အုပ်တို့ကို စဉ်ဆက်မပြတ် သင်ကြားပို့ချသည့် စာသင်တိုက်ကြီးများ ရှိနေခြင်းကြောင့် ပရိယတ္တိသာသနာ ကွယ်ပျောက်ရန်မရှိကြောင်း။
ပိဋကတ် စာပေများနှင့်ပတ်သက်၍ လေ့လာသင်ယူရုံသာမက ဗုဒ္ဓတရားတော်များသည် Applied Method ဖြင့် လိုက်နာကျင့်သုံး အသုံးချရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ ရဟန်းသံဃာတော်များသည် အဘိဓမ္မာနှင့် ပါဠိကျွမ်းကျင်သည့်အတွက် ပြည်ပရဟန်းတော်များက လေးစားကြည်ညိုကြကြောင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများကို မပျောက်ပျက်ရလေအောင် ပြည်ပနိုင်ငံများ၏ အစဉ်အလာဥပဒေများကို နားလည်ထားမည်ဆိုပါက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်နိုင် မည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ဩဝါဒခံယူ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ဩဝါဒါစရိယ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာ (ပြင်ဦးလွင်) ဆရာတော်ကြီး ဘဒ္ဒန္တအာစိဏ္ဏမထေရ်မြတ်ကြီး သီတင်းသုံးရာ ကျောင်းတိုက်သို့ သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။
သတင်းစဉ်