Skip to main content

အများပြည်သူအကျိုးစီးပွား အလေးထား

ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့်အခက်အခဲမှာ လူမှုစီးပွားဘဝတွင် မဖြစ်မနေဝယ်ယူနေရသည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမတည်ငြိမ်ခြင်းဖြစ်သည်။ အဆိုပါပြဿနာကို အဖြေရှာသောအခါ အကြောင်းရင်းများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်သော်လည်း အဓိကကျသည့်အချက်မှာ စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေကြေးဈေးနှုန်းတို့ကိုအကြောင်းပြု၍ မမှန်မကန်ဆောင်ရွက်သည့် ရောင်းဝယ်ဖောက်ကားမှုများရှိနေခြင်းကြောင့် ဈေးနှုန်းများ မတည်မငြိမ် ဖြစ်နေခြင်းဟု သုံးသပ်မိသည်။

စက်သုံးဆီ၊ နိုင်ငံခြားငွေဈေးတက်၍ ကုန်ပစ္စည်းဈေးနှုန်းများ တက်လာသည်ဟုဆိုသော်လည်း ရောင်းဝယ်ဖောက်ကားသူတို့အနေဖြင့် အများပြည်သူအကျိုးစီးပွားကိုရှေးရှု၍ ဖြစ်သင့်ဖြစ်ထိုက်သည်နှင့် မဖြစ်သင့်မဖြစ်ထိုက်သည်တို့ကို ခွဲခြားရှုမြင် ချိန်ဆဆောင်ရွက်ကြရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးကို ကျင့်သုံးဆောင်ရွက်နေသည်မှန်သော်လည်း အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာမှုများရှိလာပါက ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် နိုင်ငံတော်အနေဖြင့် တာဝန်ရှိရာ ကုန်စည်ဈေးနှုန်းနှင့် ငွေကြေးဈေးကွက် တည်ငြိမ်မှုရှိစေရန် ထိန်းညှိကြပ်မတ်ဆောင်ရွက်နေသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းကျောင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားငွေကြေးကို တရားဝင်ဈေးကွက်တွင် ဝယ်ယူနိုင်ရေးဆောင်ရွက်ပေးနေသည်။ နိုင်ငံတော်၏ မိုက်ခရိုစီးပွားရေး အခြေအနေအပေါ် မူတည်အခြေပြုသည့် အတိုးနှုန်းမူဝါဒနှင့် ငွေကြေးမူဝါဒများကို ချမှတ်ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေမှုရှိစေရန်နှင့် ဈေးကွက်တွင် နိုင်ငံခြားငွေလိုအပ်ချက် အဆင်ပြေချောမွေ့စေရန်အတွက် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းများသို့ အမေရိကန်ဒေါ်လာ ရောင်းချပေးခြင်း၊ အမေရိကန်ဒေါ်လာလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးကို လိုအပ်သလို ထိန်းကျောင်းဆောင်ရွက်နေသည်။

နိုင်ငံခြားငွေကြေး တရားဝင်လဲလှယ်နိုင်ရေး ဆောင်ရွက်ထားရှိပေးသော်လည်း တရားမဝင် ရောင်းဝယ်ဖောက်ကားဈေးကစားမှုများမှာ အစဉ်အဆက်ရှိနေဆဲဖြစ်သည်။ နိုင်ငံခြားငွေလဲလှယ်မှုနှင့်ပတ်သက်၍ ဈေးကွက်လိုအပ်မှုနှင့် သတ်မှတ်ထားသော အချက်အလက်များအပေါ် အခြေမခံဘဲ အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာများပေါ်၌ ဈေးနှုန်းတက်ရန် ရေးသားပြောဆိုမှုများ၊ တရားမဝင်ငွေကြေးလဲလှယ် ရောင်းဝယ်ပို့ဆောင်မှုများ စသည့်နိုင်ငံခြားငွေဈေးနှုန်းမြင့်တက်စေရန် ဆောင်ရွက်နေသူများရှိနေသည်။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်များ သတ်မှတ်ထားသည်။ စည်းကမ်းများနှင့်အညီ သတ်မှတ်ပမာဏနှင့် သတ်မှတ်ကာလအတွင်း ကိုင်ဆောင်ရန်လိုအပ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်းမျဉ်းဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်သည်။

ကုန်သွယ်ရေးကဏ္ဍတွင် မှောင်ခိုရောင်းဝယ်မှုများနှင့် တရားမဝင်ကုန်တင်ပို့မှု များကြောင့် ပြည်တွင်း၌ ကုန်စည်ဈေးနှုန်းမတည်ငြိမ်ဘဲ မြင့်တက်နေခြင်းဖြစ်သည်။ ပြည်တွင်းသို့ တရားမဝင်ကုန်စည်များ ဝင်လာခြင်းမရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့များက ကြပ်မတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားငွေကြေးဈေးကွက်၌ မှန်ကန်သောအချက်အလက်များအပေါ်မူတည်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နေ့စဉ်သတ်မှတ်ထားသည်။ ပြည်တွင်းသို့ ကုန်ပစ္စည်းတင်သွင်းသူများလိုအပ်သည့် နိုင်ငံခြားငွေကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိပြီး ဈေးကွက်၌ စက်သုံးဆီလိုအပ်ချက်ပြည့်မီစေရန်နှင့် နိုင်ငံ့စီးပွားရေးအတွက် လိုအပ်သောကုန်ကြမ်းများ တင်သွင်းနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေဝင်ရောက်စေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ အမည်ခံပို့ကုန်တင်ပို့နေမှုများကိုလည်း အရေး ယူဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များအပြင် အသေးသုံးနိုင်ငံခြားငွေ ယူဆောင်သွားနိုင်ရေးအတွက် ဈေးကွက်တွင် လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်သူများ ဈေးကစားခြင်းကို ထိန်းသိမ်းနိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားဝင်ငွေလဲကောင်တာများ ဖွင့်လှစ်ပေးထားပြီး ခရီးသွားအမျိုးအစားအလိုက် နိုင်ငံခြားငွေကြေး အမျိုးမျိုးတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ ကုန်စည်ဈေးနှုန်းများ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကိုကျော်လွန်၍ မြင့်တက်နေခြင်းတွင် အဓိကကျသောအချက်မှာ နိုင်ငံခြားငွေကြေးများကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများ၌ အခြေခံအကြောင်းရှိသဖြင့် တရားမဝင် ငွေကြေးရောင်းဝယ်ဖောက်ကားမှုများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားငွေအသုံးပြုရန်လိုအပ်သည့် နိုင်ငံသားများအနေဖြင့် နိုင်ငံတော်က တရားဝင်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။