Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အနာကြီးရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ (၂၀၂၃)ခုနှစ် နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော် ဩဂုတ်၂၁

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အနာကြီးရောဂါတိုက်ဖျက်ရေး စီမံကိန်း၏(၂၀၂၃)ခုနှစ် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံအနေဖြင့် (၂၀၀၃)ခုနှစ်တွင် အနာကြီးရောဂါတိုက်ဖျက်ရေး စီမံကိန်း၏ အောင်မြင်မှုမှတ်တိုင်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အနာကြီးရောဂါကင်းဝေးရေး ရည်မှန်းချက်ဖြစ်သော လူဦးရေတစ်သောင်းလျှင် အနာကြီးရောဂါဖြစ်ပွားသူ တစ်ဦးအောက် လျော့နည်းအောင် လျှော့ချနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ရောဂါကူးစက်မှုရှိနေဆဲဖြစ်ပြီး အနာကြီးရောဂါလူနာသစ်များ နှစ်စဉ်ရှာဖွေတွေ့ရှိနေရဆဲဖြစ်သောကြောင့် လူနာများကို ကိုယ်အင်္ဂါချို့ယွင်းမှုမဖြစ်မီ စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် လူနာသစ်ရှာဖွေရေးလုပ်ငန်းများ (Case Finding Activities)ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ အထူးသဖြင့် အနာကြီးရောဂါလူနာနှင့် အတူနေသူများကို စစ်ဆေးခြင်း (Household Contact Examination) နှင့် အနာကြီးရောဂါ အသိပညာပေးခြင်းနှင့် လူနာသစ်ရှာဖွေရေးလုပ်ငန်း (Leprosy awareness raising activites)ကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါချို့ယွင်းမှု ကာကွယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းကို ပုံမှန်လုပ်ငန်းတစ်ခုအဖြစ် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

ယခုကျင်းပသည့် အစည်းအဝေးသည် အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန်၊ အဆိုပါရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန်နှင့် အမေ့လျော့ခံကူးစက်ရောဂါ တစ်ခုမဖြစ်စေရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် ရလဒ်ကောင်းများရရှိစေရန် ဝိုင်းဝန်းဆွေးနွေးပေးသွားရန်လိုကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို ရောဂါနှိမ်နင်းရေးအဆောက်အဦ၏ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို(၃)ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ‌ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ/အနာကြီး)များ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်(တီဘီ/အနာကြီး)များ၊ အနာကြီးရောဂါ စောင့်ရှောက်ရေးမှူးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်းသိရသည်။

သတင်းစဉ်