Skip to main content

နိုင်ငံတကာ စစ်ဘက်နည်းပညာ ဖိုရမ်နှင့်(၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်ခဲ့သည့် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော် ဩဂုတ် ၂၁

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုဒေသတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် (ARMY-2023)နှင့် (၁၁)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ (XI Moscow Conference on International Security)သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Counsellor  Mr. Pavel KLABUKOV ၊ စစ်သံမှူး Mr. Sergey KURCHENKO နှင့်  တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် ရုရှားတပ်မတော် ပင်မဘုရားကျောင်း‌ကြီးနယ်မြေရှိ Alley of Allies တွင် မြန်မာတို့၏ ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝါဒီများကို တွန်းလှန်တိုက်ခိုက်အောင်မြင်ခဲ့မှု အထိမ်းအမှတ်အနေဖြင့် ထုလုပ်ပုံဖော်ထားသည့် ရုပ်တုဖွင့်ပွဲ အခမ်းအနားသို့ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Shoigu နှင့် အတူတက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးက အထိမ်းအမှတ်ရုပ်တု ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ယခုအထိမ်းအမှတ်ရုပ်တုသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ရည်စူးအောက်မေ့သတိရစေရန် ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရုပ်တုဖွင့်ပွဲသည် နှစ်နိုင်ငံတပ်မတော်များအကြား ကာကွယ်ရေးနှင့် ယဉ်ကျေးမှုကူးလူးဆက်နွယ်မှု၊ သမိုင်းကြောင်းအရဆက်နွယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ညွှန်းလျက်ရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးအခြေအနေများသည် မည်သူမျှကြားဝင်ဖျက်ဆီး၍မရနိုင်သကဲ့သို့ မိမိတို့နှစ်နိုင်ငံ၏ မဟာဗျူဟာမိတ်ဖက်အနေဖြင့် ဆက်လက်တည်တံ့ခိုင်မြဲနေမည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ မိမိတို့မြန်မာနိုင်ငံကို အသိအမှတ်ပြုပြီး အထိမ်းအမှတ်ရုပ်တု ပြုလုပ်ပေးခြင်းအတွက်လည်း ကျေးဇူးတင်ပါကြောင်းပြောကြားပြီး နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတို့က အထိမ်းအမှတ်ရုပ်တုကို ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(ARMY-2023) ဖွင့်ပွဲအခမ်းအနားကျင်းပမည့် မျိုးချစ်ပန်းခြံ (Patriot Park) သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander Fomin နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံနယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာနှင့် ပညာတော်သင် သင်တန်းသားစေလွှတ်မှုဆိုင်ရာကိစ္စရပ်တို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ်(ARMY-2023) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှု၍ Aquarius IT ဆိုင်ရာကုမ္ပဏီ၊ BSVT စစ်လက်နက်ပစ္စည်းဆိုင်ရာ ကုမ္ပဏီတို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးသည်။

ဩဂုတ် ၁၅ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security) ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ရာ ရုရှားသမ္မတ Vladimir Putin က Vedio Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေးပြီး  ရုရှားကာကွယ်ရေးဝန်ကြီး  Army General Sergey Shoigu က အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေး ဒုတိယပိုင်းဖြစ်သည့် “အာရှ-ပစိဖိတ်ဒေသတွင်းလုံခြုံရေး” ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည် အရေးပါကြောင်းနှင့်အာရှပစိဖိတ်ဒေသတွင်း ကုန်သွယ်မှုနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတို့ကို Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ်၂၀ ၊ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦးအပါအဝင်အင်အား ၈၀၀ ကျော် တက်ရောက်ကြသည်။

ဩဂုတ် ၁၆ ရက်တွင် နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (ARMY 2023) ကိုကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မျိုးချစ်ပန်းခြံ (Patriot Park)အတွင်း ခင်းကျင်းပြသထားသည့် စစ်ဘက်သုံးယာဉ်/လက်နက်နှင့် အထောက်အကူပစ္စည်းများကို လိုက်လံကြည့်ရှုပြီး PJSC (UAC) ၊ Technodinamika နှင့် Rosobornexport ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ညနေပိုင်းတွင် မြန်မာစစ်သံရုံးသို့ရောက်ရှိပြီး သံအမတ်ကြီး၊ စစ်သံမှူး(ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံးမှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး စစ်သံရုံးမိသားစုများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ဩဂုတ် ၁၇ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလုဂါပြည်နယ် အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်အတွင်းတည်ထားသည့် ရွှေစည်းခုံ(ပုံတူ) စေတီတော်သို့ သွားရောက်ဖူးမြှော်ခဲ့ကာ နိုင်ငံစုံမှပြသထားသည့်ပြကွက်များကို လှည့်လည်ကြည့်ရှုပြီး ရုရှားတပ်မတော်ပင်မဘုရားကျောင်းကြီး (Main Cathedral of the Russian Armed Forces) ဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ စစ်ပွဲများတွင် သိမ်းဆည်းရမိခဲ့သည့် ပြည်ပနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုလေ့လာသည်။

ဩဂုတ် ၁၈ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့ရှိ မြန်မာဘုန်းတော် ကြီးကျောင်းသို့သွားရောက်၍ ဆရာတော်အားဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်