မန္တလေး ဩဂုတ် ၂၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ချမ်းမြသာစည်မြို့နယ် မဟာဓမ္မိကာရာမတိုက် မိတ္ထီလာကျောင်းဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယ မဟာထေရ်အရှင်သူမြတ်ကြီး အမှူးပြုသော နိုင်ငံတော်ဩဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဩဝါဒခံယူသည်။
ဦးစွာ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တသုဇနပီယ မဟာထေရ်အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်သော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် မိတ္ထီလာကျောင်း ဆရာတော်ဘဒ္ဒန္တသုဇနပီယ၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသ၊ အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ၊ ချမ်းမြသာစည်မြို့နယ် ဒက္ခိဏာရာမဘုရားကြီးတိုက် နယားကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒိယ၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့က ဩဝါဒကထာများ မိန့်ကြားတော်မူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တသုဇနပီယ မဟာထေရ်အရှင်သူမြတ်ကြီးအမှူးပြုသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး မဟာနာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ ဆရာတော်ကြီး၊ ချမ်းအေးသာစံမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသဆရာတော်ကြီး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် မဟာနာယက ဘဒ္ဒန္တကေသရာဘိဝံသနှင့် ချမ်းမြသာစည်မြို့နယ် ဒက္ခိဏာရာမဘုရားကြီးတိုက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဩဘာသာဘိဝံသနှင့် ချမ်းမြသာစည်မြို့နယ် မဟာဓမ္မိကာရာမကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါ စရိယအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယဆရာတော်ကြီးတို့ သီတင်းသုံးရာ စာသင်တိုက်ကြီးများသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက်ထားရာ ဆရာတော်ကြီးများက ဩဝါဒကထာများ မြွက်ကြားကြသည်။
သတင်းစဉ်