နေပြည်တော် ဩဂုတ် ၂၀
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင် ကျင်းပပြုလုပ်နေသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် မြန်မာနိုင်ငံ ပြခန်းများ ဆက်လက်ပါဝင်ပြသရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
မြန်မာပြခန်းသို့ လာရောက်ကြသူများကို မြန်မာ့ထုတ်ကုန်များဖြစ်သည့် ကော်ဖီ၊ လက်ဖက်စို၊ လက်ဖက်ခြာက်၊ ဆီးဖျော်ရည်နှင့် စားသောက်ကုန်များကို မိတ်ဆက် ကျွေးမွေး၍ ဈေးကွက်ရရှိရေးဆောင်ရွက်ခဲ့ကြသည်။ ပြခန်းဆောင်အတွင်းပြသထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့ခရီးသွားနေရာများကိုလည်း ပြခန်းသို့ လာရောက်သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုကြသည်။
ထို့ပြင် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသာ မြန်မာကုမ္ပဏီ/အသင်းအဖွဲ့များဖြစ်သည့် ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar၊ Good Brother Group Co. ,Ltd၊ Global Earth Agro and Aqua International Co.,Ltd တို့သည် ဂုဏ်ထူးဆောင် နိုင်ငံပြခန်းဆောင်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ကွမ်ရှီးပြည်နယ် သုံးရှင်းမြို့အခြေစိုက် ကုမ္ပဏီလေးခုတို့နှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်း၊ ကုန်စည်ဖြန့်ဖြူးရေး၊ လယ်ယာထွက်ကုန်၊ ရေထွက်ပစ္စည်းများနှင့် ပတ်သက်သည့်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်