ကူမင်း ဩဂုတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ကူမင်းမြို့ရှိ (Yunnan Baiyao) ယူနန်တိုင်းရင်းဆေးစက်ရုံသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်လေ့လာရာ စက်ရုံမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး လိုက်လံရှင်းလင်းပြသသည်။
အဆိုပါစက်ရုံကို ၁၉၇၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခင်ရိုးရာနည်းပညာဖြင့် ဆောင်ရွက်နေရာမှ စက်မှုလုပ်ငန်းအဖြစ် ခေတ်မီကုန်ထုတ်လုပ်မှုစနစ်ကို ကူးပြောင်းဆောင်ရွက်ခဲ့ကြောင်း၊ ထုတ်လုပ်သည့် ဆေးပစ္စည်းများ၏ အရည်အသွေးကိုလည်း အဆင့်မြှင့်တင်ပြီး ဆေးဝါးထုတ်ကုန်အသစ်များ စဉ်ဆက်မပြတ် စမ်းသပ်ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံပြခန်းတွင် စက်ရုံဖြစ်ပေါ်လာမှုသမိုင်းကြောင်း၊ လုပ်ငန်းလုပ်ဆောင်မှုစနစ်၊ စီမံခန့်ခွဲမှုပုံစံတို့ကို ရှင်းလင်းပြသမှုများအား လိုက်လံကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့တွင် လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြတ်က သိရှိ လိုသည်များကို မေးမြန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် China Tobacco Schweitzer စက်ရုံသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက စက်ရုံဝင်းအတွင်း လှည့်လည်ရှင်းလင်းပြသသည်။ CTS ကုမ္ပဏီကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် လုပ်ငန်းများ စတင်လည်ပတ်ခဲ့ကြောင်း၊ ထုတ်ကုန်များကို ကျန်းမာရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်