နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃၀-၉-၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌နေထိုင်သူ တစ်ဦးသည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/- အထိ သို့မဟုတ် ယင်းနှင့်ညီမျှသော ငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လ အတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” အတိအလင်းဖော်ပြထားပါသည်။
သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထပ်မံသတိပေးပါသည်။