Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Patriot Park ပန်းခြံအတွင်း၌ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သည့် မြန်မာ့စစ်သည်တော်မဟာမိတ်များအမည်ရှိ အထိမ်းအမှတ်ရုပ်တုဖွင့်လှစ်

နေပြည်တော် ဩဂုတ် ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော်ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the Armed Forces တည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုဖွင့်ပွဲကို ဩဂုတ် ၁၄ ရက်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယခုကဲ့သို့ “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင်ကျရောက်ခဲ့သည့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ၇၅ နှစ် အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်းဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာလာမည်ကို ထုတ်ဖော်ပြသခြင်းဖြစ်သကဲ့သို့ ရုရှား-မြန်မာနိုင်ငံပူးပေါင်းကာ ဖက်ဆစ်တို့ကိုတော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် အရေးပါသော နိုင်ငံရေးတာဝန်တစ်ရပ် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ”အမည်ရှိ အထိမ်းအမှတ်ရုပ်တုရှေ့၌ ဂုဏ်ပြုပန်းစည်းများချ၍ အလေးပြုကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် ကျရောက်သော Victiory Day OF Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်မတော်၏ ဗဟိုစစ်ဘက်ဆိုင်ရာ ကျက်သရေဆောင်နေရာ Center Of Military Glory ဖြစ်လာစေရန်နှင့် သမိုင်းတစ်လျှောက်အကြမ်းတမ်းဆုံး၊ သွေးထွက်သံယိုမှု အများဆုံးစစ်ပွဲကြီးတွင် ကျဆုံးခဲ့ကြသည့် ရုရှားစစ်သည်တော်များကိုအမှတ်တရဖြစ်လာစေရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံနှင့်အတူ ဖက်ဆစ်တို့ကို ပူးပေါင်းလက်တွဲတိုက်ခိုက်ခဲ့ကြသည့် ရုရှားတပ်နီတော်အပါအဝင် နိုင်ငံအသီးသီးမှ တိုက်ပွဲဝင်ခဲ့ကြသူများကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ရုပ်တုများကို စိုက်ထူထားရှိခြင်းဖြစ်ကြောင်း၊ “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိအထိမ်းအမှတ်ရုပ်တုကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့တပ်မတော်သားများကို ဂုဏ်ပြုလိုသည့်အတွက် မဟာမိတ်စစ်သည်တော်များ ပြင်ပပြကွက်တွင် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်းနှင့် မော်စကိုမြို့ M.B Grekova အနုပညာစတူဒီယိုမှ ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရန်သူများ၏ နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုများကို တုံ့ပြန်တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်သားများ၏ အခန်းကဏ္ဍသည်လည်း တစ်ကမ္ဘာလုံး၏ စစ်အောင်မြင်ရခြင်းအပေါ် သိသိသာသာသက်ရောက်မှုရှိခဲ့သည်ကို အသိအမှတ်ပြု လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရုပ်တုပြုလုပ်စိုက်ထူရန် အကြံဉာဏ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzugetovich Shoigu မှ စတင်အကြံပြုခဲ့ပြီး မြန်မာ့တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)မှ စစ်ဘက်သမိုင်းပညာရှင်များ၏ အစီရင်ခံတင်ပြချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သဘောတူညီချက် တင်ပြတောင်းခံ၍ ရုပ်တုအသွင်သဏ္ဍာန်အား အထူးရွေးချယ်ထုဆစ်ခဲ့ခြင်းဖြစ်ကြောင်း။

အဆိုပါ ရုပ်တုထုဆစ်မှုအပိုင်းနှင့် အောင်မြင်စွာစိုက်ထူနိုင်ရေးအတွက် ရုရှားကာကွယ်ရေးဝန်ကြီးက ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရုပ်တုတွင် မြန်မာ့သမိုင်းဝင် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားဟန် စစ်သည်နှစ်ဦး၏ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေပုံကို တွေ့မြင်ကြရမည်ဖြစ်ကာ ရဲသွေးရဲမာန်အပြည့်ဖြင့် ရန်သူကိုမမှုဘဲ အောင်မြင်မှုပန်းတိုင်ဆီ ရှေ့သို့လှမ်းချီနေသည့်ဟန် ပီပြင်စွာသရုပ်ဖော်ထားကြောင်း။

စစ်သည်တော်တစ်ဦး၏ လက်တွင်ရန်သူများထံမှ သိမ်းဆည်းရမိသော ရိုင်ဖယ်သေနတ်ကိုကိုင်ဆောင်ထားပြီး ဒုတိယတစ်ဦး၏ လက်တစ်ဖက်တွင် ဆိုဗီယက်ပြည်ထောင်စုထုတ် Mosin အမျိုးအစား ရိုင်ဖယ်ကိုကိုင်ဆောင်ထားကာ ကျန်လက်တစ်ဖက်တွင် ထိုခေတ်အခါက အသုံးပြုခဲ့သော အမျိုးသားအောင်လံတော်ကို ဆုပ်ကိုင်ထားသည့်ဟန် ထုဆစ်ပုံသွင်းထားခြင်းဖြစ်ကြောင်း၊ ရုပ်တု၏ ဘယ်ဘက်အောက်ခြေတွင် ခြင်္သေ့ရုပ်ထုကို ထည့်သွင်းထားရှိပြီး ခြင်္သေ့ရုပ်ထုသည် ရှေးကျလှသော မြန်မာ့ဟန်အနုပညာ လက္ခဏာတစ်ခုလည်းဖြစ်ကာ ခြင်္သေ့ရုပ်၏ အသွင်သဏ္ဍာန်ကို မန္တလေးတောင်ခြေမှ ခြင်္သေ့ကြီးနှစ်ကောင်နှင့် ပုံစံတူထုဆစ်ထားကြောင်း၊ အဓိပ္ပါယ်မှာ ရန်သူတို့အား အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည့် မန္တလေးမြို့တိုက်ပွဲကို သရုပ်ဖော်လိုခြင်းဖြစ်ပြီး စစ်သည်တော်တို့၏ ခြေရင်းတွင် ရန်သူတို့၏ တပ်သုံးအလံများ၊ စစ်သုံးဓားများကို နင်းခြေထားသည့်ဟန် ထည့်သွင်းထုဆစ်ထားပါကြောင်း။

“မြန်မာ့စစ်သည်တော်မဟာမိတ်များ” ရုပ်တုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ စိုက်ထူလိုက်ခြင်းသည် နှစ်နိုင်ငံ၏ ယိုင်နဲ့သွားမည်မဟုတ်သည့် ညီရင်းအစ်ကိုပမာ ပူးပေါင်းဆောင်ရွက်တတ်သည့် မဟာမိတ်စိတ်ဓာတ်ကို ဖော်ကျူးနေခြင်းပင်ဖြစ်ကြောင်း သတင်းရရှိသည်။