ရန်ကုန် ဩဂုတ် ၁၉
လာမည့်ပွင့်လင်းရာသီတွင် ကချင်ပြည်နယ်ရှိရေခဲတောင်တက်ခရီးစဉ်ကိုသွားရောက်လိုသည့် ပြည်တွင်းခရီးသွားများများပြားနေပြီး ယခုဩဂုတ်လကတည်းက ကြိုတင်စာရင်းပေးထား သူများပြား နေကြောင်း ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်ထံမှသိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ရေခဲတောင်တက်ရန်နှင့် ကချင်ပြည်နယ်၏ အလှအပများကို ခံစားနိုင်ရန်အတွက် ရေခဲတောင်တက်ခရီးစဉ်များကို သွားရောက်ကြမည်ဖြစ်ပြီး ဩဂုတ် ၁၉ ရက် အထိရေခဲတောင်တက် ခရီးစဉ်သွားရန်အတွက် ကြိုတင်စာရင်း ပေးထားသူ ၄၀ နီးပါး ရှိပြီဖြစ်သည်ဟု ဆိုသည်။
‘‘လာမယ့် ပွင့်လင်းရာသီဖြစ်တဲ့ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း ကချင်ပြည် နယ်မှာရှိတဲ့ ရေခဲတောင်တွေကိုတက်ဖို့ ရေခဲတောင်တက်ခရီး လာရောက်မယ့် ခရီးသွားတွေရှိပါတယ်။ အခုဩဂုတ်လမှာ ကတည်းက ကျွန်တော်တို့ကို ကြိုတင်စာရင်းပေးထားတာတွေ ရှိပါတယ်။ အခုဆိုရင် ရေခဲတောင်တက် ခရီးသွားမယ့်သူ ၄၀ နီးပါး လောက် စာရင်းပေးထားပါတယ်။ ပြည်တွင်းခရီးသွားတွေချည်းပါပဲ။ ပြည်ပခရီးသွားတွေလည်း ရေခဲတောင်တက် ဖို့စိတ်ဝင်စားကြပြီး အခုချိန်အထိတရားဝင် ခွင့်ပြုချက်မပေးသေးလို့ မလာရောက်ကြသေး တာပဲရှိတယ်။ လာချင်လို့ ကျွန်တော်တို့ကို ချိတ်ဆက်ကြတဲ့ နိုင်ငံခြားသားတွေလည်း ရှိနေပါတယ်။ လာခွင့်ပြုမယ်ဆိုရင် တော်တော်များများလာကြလိမ့်မယ်လို့ ထင်ပါတယ်’’ ဟု ကချင်ဒေသခံ ခရီးသွားလမ်းညွှန် ကိုဆန်းနိုင်ဧလိယားက ပြောသည်။
ကချင်ပြည်နယ်၌ ရေခဲတောင်အများအပြားရှိပြီး အဆိုပါရေခဲတောင်များအနက်ရေခဲ တောင်တက်ခရီးစဉ်အဖြစ် ဖုန်ကန်ရာဇီရေခဲတောင်ကို အများဆုံးသွားရောက်တက်လေ့ရှိပြီး စွန့်စားလို သည့်သူများအနေဖြင့် ခါကာဘိုရာဇီ ရေခဲတောင်ကို လည်း သွားရောက်လေ့ရှိသည်ဟု ဆိုသည်။
ရေခဲတောင် တက်လိုသူများအနေဖြင့် ရေခဲတောင်တက်နိုင်ရန် သက်လုံကောင်းအောင် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ပြီး လမ်းခရီးလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒေသခံခရီးသွား လမ်းညွှန်များနှင့်ဒေသခံများ ပြောကြားသည့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
TC
ဓာတ်ပုံ - ဖုန်ကန်