နေပြည်တော် ဩဂုတ် ၁၈
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများကျန်းမာရေးဆိုင်ရာအသိပညာ၊ ဗဟုသုတများတိုးပွားရရှိပြီး ကျန်းမာကြံ့ခိုင်စွာဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းစီစဉ်သည့် ကျန်းမာရေးအသိပညာပေး အစီအစဉ်အရဆီးချိုသွေးချို၊ သွေးတိုးရောဂါနှင့် ကူးစက်ရောဂါဆိုင်ရာဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
ဟောပြောပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ကျန်းမာရေးသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလွန် အရေးပါပြီးကျန်းမာမှသာ အသိပညာ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများတိုးပွားရရှိစေရန်၊ ကြိုတင် ကာကွယ်ဆောင်ရွက်သင့်သည်များကို သိရှိစေရန်နှင့် လုပ်ငန်းများကို ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့ဟောပြောပွဲ ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာ ရဲမြင့်က “ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ”ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “ကူးစက်ရောဂါအကြောင်း သိကောင်းစရာ” ကိုလည်းကောင်း၊ မကူးစက်နိုင်သော ရောဂါများနှင့် ကူးစက်ရောဂါများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါဝေဒနာခံစားနေရသူများအနေဖြင့် သတိပြုဆင်ခြင်ရမည့်အချက်များကို ဟောပြော ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှု များအပေါ် ပြန်လည်ဖြေကြားကြသည်။
အလားတူ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး(သွားကျန်းမာရေး) ဦးဆောင်သောအဖွဲ့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဆေးပေးခန်း၌ဝန်ထမ်းများကို သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးကုသပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်းနှင့် မေတ္တာဥယျာဉ် နေ့ကလေးထိန်းကျောင်းမှ ရင်သွေးငယ်များအားသွားတိုက်နည်းစနစ် သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်