Skip to main content

အုတ်၊ ထုံး၊ သဲ၊ ကျောက်နဲ့ တည်ထားတာမဟုတ်ပါဘူး။ စကျင်ကျောက်တုံးအကြီးကြီးတွေ၊ စကျင်ကျောက်စစ်စစ်ကြီးတွေနဲ့ တည်ထားပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အင်မတန်ဝမ်းမြောက်ပီတိဖြစ်ရပါတယ်

နေပြည်တော် ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းတည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူအများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဩဂုတ် ၁၈ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲ လာရောက်ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်။

အဖွဲ့အလိုက် ဘုရားဖူးများ၊ အနယ်နယ်အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအားကောင်းစွာ လှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်စွာလေ့လာကြည့်ရှုနေမှုများကို မြင်တွေ့ရသည်။ ဘုရားကြီးသို့ လာရောက်ဖူးမြော်သူများ၏ ပီတိစကားများ၊ အနုမောဒနာသာဓုခေါ်သံများနှင့် သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးနန္ဒက (မိတ္ထီလာမြို့နယ်၊ အောင်ချမ်းသာကျောင်းတိုက်)

မာရဝိဇယဘုရားကြီး တည်ထားပေးတာဝမ်းသာလွန်းလို့၊ ဖူးမြော်ချင်လွန်းလို့ လာရောက်ဖူးမြော်ကြည်ညိုရခြင်း ဖြစ်ပါတယ်။ အရင်တစ်ခေါက်က ပိတ်ထားတော့ မဖူးမြော်ဖြစ်ခဲ့တဲ့အတွက် ယနေ့ မိခင်ကြီးကိုပါ ဖူးမြော်ရအောင် ဆိုပြီးလိုက်ပို့ရင်း ဖူးမြော်ဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းရဲ့ မိတ်ဆွေတွေ၊ ဒကာ၊ ဒကာမတွေကိုလည်း ဘုရားကြီးလာရောက် ဖူးမြော်ကြဖို့ ဆော်ဩပါဦးမယ်။ ဘုန်းဘုန်းတို့ပြည်ပကိုရောက်တဲ့အခါ ဘုရားဖူးဖို့အတွက် ၁၀ ဒေါ်လာပေးပြီးဖူးမြော်ခဲ့ရပါတယ်။ အုတ်၊ ထုံး၊ သဲ၊ ကျောက်နဲ့ တည်ထားတာမဟုတ်ပါဘူး။ စကျင်ကျောက်တုံးအကြီးကြီးတွေ၊ စကျင်ကျောက်စစ်စစ်ကြီးတွေနဲ့ တည်ထားပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ အင်မတန်ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။ ရဟန်းရှင်လူပြည်သူအပေါင်းလည်း လာရောက်ဖူးမြော်ကြပါလို့ မေတ္တာရှေ့ထားပြီးနှိုးဆော်ပါတယ်။ ဘုရားကိုးကွယ်တန်ခိုးကြွယ်၊ တရားကိုးကွယ်ပညာကြွယ်၊ သံဃာကိုးကွယ် စည်းစိမ်ကြွယ်ဆိုတဲ့အတိုင်း ပြည်သူတွေအနေနဲ့ ဘာသာတရားကိုင်းရှိုင်းပြီး ဖူးမြော်ကြည်ညိုနေကြတာမြင်ရတာလည်း ပီတိအဖြာဖြာပွားမိပါတယ်။ မြန်မာနိုင်ငံမှာစကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ကမ္ဘာပေါ်ရှိအကြီးဆုံး မာရဝိဇယဘုရားကြီးကို အခုလိုအခမဲ့ဖူးမြော်ရတာ ဦးဆောင်ဘုရားဒါယကာကြီးကိုလည်း ကျေးဇူးတင်ပါတယ်။

ဒေါ်လှစိန်

(လယ်ဝေးမြို့နယ်၊ ကျသောင်းတောင်ရွာ)

ကျွန်မက အသက် ၈၆ နှစ် ရှိပါပြီ။ မာရဝိဇယဘုရားကြီးကို ဖူးမြော်ဖို့အတွက် ဩဂုတ် ၅ ရက်က တစ်ကြိမ်လာပါတယ်။ အဲဒီနေ့ကတော့ ဖူးမြော်ခွင့်မရခဲ့ပါဘူး။ သတင်းတွေမှာ ဩဂုတ် ၈ ရက်မှာ အခမဲ့ စတင်ဖူးမြော်ခွင့်ပြုတယ်လို့ ကြားရတော့ သားသမီးတွေကို လိုက်ပို့ခိုင်းပါတယ်။ ဒီနေ့တော့ သားကလိုက်ပို့ပေးတဲ့အတွက် မနက်ကတည်းက ဘုရားကြီးကို ရောက်ရှိ ဖူးမြော်နေတာ အခုညနေထိ အားပါးတရ ဖူးမြော်နေတာဖြစ်ပါတယ်။ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးရဲ့ဂုဏ်သတင်း တွေကို ပြည်သူတွေသိအောင် ဖော်ပြပေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောလိုပါတယ်။ သတင်းတွေမှာတွေ့ကတည်းက ဖူးမြော်လိုစိတ်တွေ ပြင်းပြခဲ့ပါတယ်။ မာရဝိဇယဘုရားကြီးတည်ထားတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံးကလည်း အံ့ဖွယ်မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြတဲ့ ပြည်သူပေါင်းသောင်းချီပြီး ရှိပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာရှိကြတဲ့ ပြည်သူတွေလည်း လာရောက်ဖူးမြော် ကြည်ညိုကြပါလို့ မေတ္တာစကားပါးချင်ပါတယ်။

ဒေါ်လှ (တပ်ကုန်းမြို့နယ်)

ကျွန်မ အသက်က ၇၂ နှစ်ရှိပါပြီ။ ဝါတွင်းကာလ တရားစခန်းဝင်နေတာ ဖြစ်ပါတယ်။ ပျိုးဥယျာဉ်တရားစခန်းကနေ အဖွဲ့လိုက်စုပြီး ဘုရားကြီးကိုလာရောက်ဖူးမြော်ကြည်ညိုကြတာပါ။ တရားစခန်းမဝင်ခင်က ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ဖူးနေတော့ အပြင်မှာဖူးမြော်ချင်တဲ့ ဆန္ဒတွေကတားလို့မရတာနဲ့ မာရဝိဇယဘုရားကြီးကို တရားစခန်းကယောဂီတွေနဲ့ လာရောက်ဖူးမြော်တာပါ။ သားသမီးတွေနဲ့ နောက်တစ်ကြိမ် လာရောက်ဖူးမြော်ဦးမှာပါ။ ကြည်ညို သဒ္ဓါပွားရ၊ စိတ်ချမ်းသာရ၊ ပီတိဖြစ်ရနဲ့ ဘုရားကြီးတည်ထားပေးတဲ့ ဘုရားဒကာအပေါင်းတို့လည်း ဘေးဘယာတွေ ကင်းဝေးပြီး ကျန်းမာချမ်းသာပါစေ။ ပြည်သူတွေလည်း ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။

မသပြေအေး (ရန်ကုန်မြို့)

ကျွန်မကရန်ကုန်မြို့ကနေ နေပြည်တော်မှာတည်ထားတဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာပါ။ အဝေးကနေ လာရောက်ဖူးမြော်ရတာ ဖူးမြော်ရကျိုးလည်းနပ်ပါတယ်။ လမ်းခရီးမှာအဆင်ပြေပြေနဲ့ ရောက်ရှိလာတာကလည်း ဘုရားကြီးရဲ့ဘုန်းတန်ခိုးတော်ကြောင့်လို့ ထင်ပါတယ်။ စကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ ကမ္ဘာပေါ်မှာအကြီးဆုံး မာရဝိဇယဘုရားကြီးကို အားပါးတရ ဖူးမြော်လိုက်ရတဲ့အခါ လမ်းခရီးမှာပင်ပန်းခဲ့တာတွေက အလုံးစုံပျောက်ကွယ် သွားပါတယ်။ အခုလို မိုးရွာနေပေမယ့် ဘုရားကြီးရင်ပြင်တော်ပေါ်မှာ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေရတာ မြင်တွေ့ရတဲ့အခါ ကြည်နူးပီတိဖြစ်မိပါတယ်။ စကျင်ကျောက်တွေနဲ့တည်ထားတဲ့ ဘုရားရင်ပြင်တော်ပေါ်မှာလည်း အေးအေးချမ်းချမ်း ဘုရားဝတ်ပြုခဲ့ပါတယ်။ ကျောက်စာရုံစေတီတော်တွေကိုလည်း ဖူးမြော်ကြည်ညိုခဲ့ပါတယ်။

မဖြူစင်စိမ်း

(ကလောမြို့နယ်၊ ပအိုဝ်းတိုင်းရင်းသူ)

ကျွန်မတို့က ကလောမြို့နယ် သီခေါင် ကျေးရွာအုပ်စုကဖြစ်ပါတယ်။ မိဘတွေ၊ ရပ်ဆွေရပ်မျိုးတွေနဲ့ မာရဝိဇယဘုရား ကြီးကို လာရောက်ဖူးမြော်ကြည်ညိုတာ ပါ။ ဩဂုတ် ၁၆ ရက်က လာရောက်ဖူးမြော် ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် မလာ ဖြစ်ခဲ့ပါဘူး။ ဒီနေ့မှ လာရောက်ဖြစ်ကြ ပါတယ်။ သတင်းတွေထဲမှာ ဘုရားကြီးကို ဖူးမြော်ခွင့်ရတယ်။ ကြည်ညိုခွင့်ရတယ်။ ဒါပေမယ့် ကိုယ်တိုင်လာရောက်ဖူးမြော်ချင်တဲ့ဆန္ဒတွေက တားလို့မရတဲ့အတွက် ဖူးမြော်ကြည်ညိုဖြစ်တာပါ။ ဘုရားကြီးပရိဝုဏ်အတွင်းက မဟာဗောဓိညောင်ပင်ကိုလည်း ဖူးမြော်ခဲ့ပါတယ်။ ယခုလို ဖူးမြော်ကြည်ညိုခဲ့ရတဲ့ ကုသိုလ်တွေကို ကမ္ဘာသူကမ္ဘာသားများအတွက်လည်း အေးချမ်းအောင် ဆုတောင်းမေတ္တာတွေ ပို့သပေးပါတယ်။

ကိုမင်းသီဟ (နေပြည်တော်၊ သပြေကုန်း)

ကျွန်တော်တို့နေပြည်တော်ဆိုင်ကယ် ချစ်သူများအဖွဲ့က သူငယ်ချင်းတွေစုပေါင်းပြီး ဒီနေ့မှာ ဘုရားကြီးကိုလာရောက်ဖူးမြော်ဖြစ်ပါတယ်။ နေပြည်တော် ဆိုင်ကယ်ချစ်သူများအဖွဲ့ဝင်တွေ တချို့မအားကြတဲ့အတွက် ဒီနေ့မှာ ဆိုင်ကယ် ၁၈ စီးနဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ဖြစ်ပါတယ်။ ဘုရားကြီးရင်ပြင်တော်ပေါ်က ခေါင်းလောင်းတော်ကြီးနဲ့၊ ဇာတ်တော်ကြီးတွေကိုလည်း လေ့လာဖူးမြော် ကြည်ညိုခဲ့ကြပါတယ်။ ဘုရားကြီးပရိဝုဏ်ထဲက ရေပန်းတွေကလည်းမျက်စိပသာဒနဲ့ အေးချမ်းစေပါတယ်။ ကျောက်စာရုံစေတီတွေနဲ့ မုစလိန္ဒ ကန်ကိုလည်း လေ့လာဖြစ်ခဲ့ပါတယ်။ သာသနိကအဆောက်အဦတွေရဲ့ မြန်မာမှုအနုပညာ ပြည့်စုံစွာ ခမ်းခမ်းနားနား တည်ဆောက်ပေးထားတာလည်း မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ နေပြည်တော်ဆိုင်ကယ်ချစ်သူများ အဖွဲ့အနေနဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိကြတဲ့ ဆိုင်ကယ်ချစ်သူများအဖွဲ့တွေကို နေပြည်တော်မှာဆုံရပ်တစ်ခုလုပ်ပြီး ဘုရားကြီးကို ဆိုင်ကယ်ပေါင်းများစွာနဲ့စုပေါင်းဖူးမြော်ဖို့ စီစဉ်သွားဦးမှာပါ။ ဒီနေ့ မိုးဖွဲလေးတွေလည်း ကျတော့ဘုရားကြီးဖူးလိုက်ရတဲ့အခါ တိမ်တိုက်တွေထဲမှာ ဖူးမြော်ရသလိုခံစားမိပြီး ကြည်နူးဝမ်းသာမိပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မမလေး

(ပျဉ်းမနားမြို့နယ်၊ ဆင်သေအုပ်စု)

အရင်ရက်တွေကတည်းက လာရောက် ဖူးမြော်ဖို့ ကြိုးစားနေခဲ့ပေမယ့် အလုပ်မအားတဲ့အတွက် အခုမှ လာရောက်ဖြစ်တာပါ။ ညနေပိုင်းဘုရားဖူးလာပြည်သူတွေ နည်းနည်းပါးမယ်ထင်လို့ ညနေပိုင်းမှ လာခဲ့ပေမယ့် အံ့ဩစရာကောင်းလောက်အောင် ဘုရားဖူးပြည်သူတွေ များပြားနေတာတွေ့ရပါတယ်။ ဘုရားကြီးကိုဖူးမြော်နေတဲ့အချိန်မှာ မိုးဖွဲလေးတွေကလည်း ကျတော့ဘုရားရဲ့ တန်ခိုးတော်ကြောင့်ပဲလို့ ထင်မြင်မိပါတယ်။ ရာသီဥတုက အေးချမ်းနေတဲ့အတွက် အေးအေးဆေးဆေးနဲ့ ဖူးမြော်ခွင့်ရခဲ့ပါတယ်။ ဘုရားရင်ပြင်တော်မှာလည်း ညနေခင်းရောက်လာတာနဲ့အမျှ ဘုရားဖူးသူတွေ အလွန်များပြားလာပါတယ်။ တကယ့်ကို ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ မြင်ကွင်းပါ။ ဘုရားကြီးရဲ့ မျက်နှာတော်ကလည်း လွန်စွာကြည်ညိုစရာ ကောင်းလွန်းလှပါတယ်။ နောက်ပြီး တည်ထားပူဇော်ထားတဲ့ သာသနိကအဆောက်အဦတွေကို သွားရောက်လေ့လာရတာလည်း ပင်ပန်း တယ်လို့ကို မခံစားရပါဘူး။ ဒါကြောင့် လာဖြစ်အောင်လာပြီး ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ဟိန်းထက်ဇော်(မြန်မာ့အလင်း)

ဓာတ်ပုံ - ဖြိုးကျော်လင်း

ဦးနန္ဒက