နေပြည်တော် ဩဂုတ် ၁၇
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၁၂) ယုံမှတ်အပ်နှံမှု အက်ဥပဒေ (The Trusts Act) စာအုပ်ကို ထုတ်ဝေလိုက်သည်။
ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် ဥပဒေဘာသာပြန် ကော်မရှင်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာ ဖြင့်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိရာ ယခုအကြိမ်တွင် ဘာသာပြန်စာအုပ်အမှတ် (၁၂) ယုံမှတ်အပ်နှံမှု အက်ဥပဒေ (The Trusts Act) ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာအုပ်သည် ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)အရ မူလစာမူနှင့် အလားတူအာဏာတည်ကြောင်း၊ ဇူလိုင် ၂၄ ရက်တွင် ဥပဒေဘာသာပြန်ကော်မရှင်၏ အမိန့်အမှတ် ၁/၂၀၂၃ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခု ဘာသာပြန်စာအုပ် အမှတ်(၁၂)ယုံမှတ်အပ်နှံမှု အက်ဥပဒေ (The Trusts Act) စာအုပ်၏ မြန်မာဘာသာပြန် ဆိုချက်များကို မူလစာမူနှင့်ယှဉ်တွဲဖတ်ရှု လေ့လာနိုင်ရန်အတွက် မူလအင်္ဂလိပ်စာမူကိုလည်း ထည့်သွင်းဖော်ပြထားသည်။
သို့ဖြစ်၍ ယခုဘာသာပြန်စာအုပ်အမှတ်(၁၂) ယုံမှတ်အပ်နှံမှုအက်ဥပဒေ (The Trusts Act) စာအုပ်သည် တရားဝင်ကိုးကားသုံးစွဲနိုင်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာလေ့လာလိုသူများအတွက် အဖိုးတန်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး လူတိုင်းအတွက် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်