နေပြည်တော် ဩဂုတ် ၁၇
ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေနှင့်လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ၊ ကျောင်းစုကျေးရွာ၊ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ရှားတောကျေးရွာနှင့် အေးချမ်းသာစံပြကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာသို့ရောက်ရှိပြီး ညောင်လူးကျေးရွာ၊ ကျောင်းစုကျေးရွာဒေသခံ ပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးစပါးအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများစိုက်ပျိုးနိုင်ရေးလိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုနှင့် နည်းပညာများ ကူညီပေးမည်ဖြစ်ကြောင်း၊ ကျေးရွာရှိ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး ကျေးရွာသူကျေးရွာသားများ အားလုံးပူးပေါင်း လုပ်ဆောင်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုဆွေးနွေးပြီး ဒေသခံပြည်သူများမှ ကျေးရွာလိုအပ်ချက် တင်ပြချက်မှုအပေါ် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးကာ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဖွင့်လှစ်ပို့ချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ခြင်း သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာပြည်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်နှင့် ဌာနဆိုင်ရာများက စနစ်ကျလယ်ယာမြေများဖော်ထုတ်ခြင်းနှင့် နည်းပညာအကူအညီများ ဆောင်ရွက်ပေးပြီးဖြစ်၍ တောင်သူများအနေဖြင့် အဆိုပါစိုက်ပျိုးမြေများပေါ်တွင် အမှန်တကယ်စိုက်ပျိုးကြရန်၊ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်ကြရန်၊ ကိုယ်လုပ်မှ ကိုယ်ရမည်ဖြစ်၍ ကျေးရွာခေါင်းဆောင်များကလည်း စည်းရုံးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများသီးထပ်(၃)သီး စိုက်ပျိုးခြင်းအားဖြင့် ကျေးရွာတောင်သူများ၏ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာမည်ဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာရှိဝက်မွေးမြူသူများ အနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အကူအညီရယူပြီးဝက်များ စနစ်တကျမွေးမြူနိုင်ရေးတာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဂွေးပင်ကျေးရွာစနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧကပေါ်တွင် မိုးစပါးစိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဥတ္တရသီရိမြို့နှင့် ရှားတောကျေးရွာ ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှု၊ အေးချမ်းသာစံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း(RBF)ဖြင့် ဝက်မွေးမြူရေးအစုအဖွဲ့နှစ်ဖွဲ့မှ DYL ဝက်မျိုးများ မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်