Skip to main content

ကမ္ဘာမှာစကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဘုရားကြီးတည်ထားပေးတဲ့အတွက် နောင်အနာဂတ်မှာ အများကြီးအေးချမ်းစေမယ်လို့ ရင်ထဲမှာ ပီတိဖြစ်မိပါတယ်

နေပြည်တော် ဩဂုတ် ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူအများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဒသမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၇ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲလာရောက်ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်။

အဖွဲ့အလိုက် ဘုရားဖူးများ၊ အနယ်နယ်အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအားကောင်းစွာ လှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်စွာလေ့လာကြည့်ရှုနေမှုများကို မြင်တွေ့ရသည်။ ဘုရားကြီးသို့ လာရောက်ဖူးမြော်သူများ၏ ပီတိစကားများ၊ အနုမောဒနာသာဓုခေါ်သံများနှင့် သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဆရာလေး ဒေါ်ပုညစာရီ

(စစ်ကိုင်းတောင်ရိုး၊ ချမ်းမြေ့သီတာ

သီလရှင်စာသင်တိုက်)

ဆရာလေးက စစ်ကိုင်းတောင်ရိုး ချမ်းမြေ့သီတာ သီလရှင်စာသင်တိုက်ကနေ သူငယ်ချင်းတွေစုပေါင်းပြီး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရားကြီး စပြီးတည်ကတည်းက ဖူးမြော်လိုတဲ့ဆန္ဒတွေ ဖြစ်နေမိပါတယ်။ အခုလိုမာရဝိဇယ ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကမ္ဘာမှာစကျင်ကျောက်နဲ့ထုဆစ် ထားတဲ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဘုရားကြီး တည်ထားပေးတဲ့အတွက် နောင်အနာဂတ်မှာ အများကြီးအေးချမ်းစေမယ်လို့ရင်ထဲမှာ ပီတိဖြစ်မိပါတယ်။ မာရဝိဇယဘုရားကြီးအတွင်း တည်ဆောက်ပေးထားတဲ့ သာသနိကအဆောက် အအုံတွေနဲ့ဘုရားဖူးပြည်သူတွေအတွက် ကြိုပို့ကားလေးတွေ စီစဉ်ပေးထားတာ ဘုရားဖူးပြည်သူတွေ အားလုံးအတွက်အဆင်ပြေပါတယ်။ ဘုရားကြီးအတွင်း လာရောက်ဖူးမြော်တဲ့ ပြည်သူတွေအတွက် အဆင်ပြေစေဖို့ ဖိနပ်စင်လေးတွေကို လည်း ယခုထက်ပိုပြီး စီစဉ်လုပ်ပေးထားရင် ပိုပြီးတင့်တယ်စေမယ်လို့ ဆရာလေးမြင်မိပါတယ်။

ကိုခိုင်ထွန်းဇော် (ဇေယျာသီရိမြို့နယ်)

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော် အောင်မြင်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ရဟန်း၊ ရှင်လူ၊ ဘုရား ဖူးပြည်သူအပေါင်း အခမဲ့လာရောက် ဖူးမြော်နိုင်ဖို့ ဩဂုတ် ၈ ရက်ကနေ ၁၆ ရက်အထိ အခမဲ့ဖူးမြော်နိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် နိုင်ငံပိုင်သတင်းစာတွေကို ဖတ်မိတဲ့အခါ ဩဂုတ် ၁၇ ရက်ကနေ ၁၉ ရက်အထိ ရက်သတ်မှတ်ထပ်တိုးထားတယ်ဆိုတာ သိရတဲ့အတွက် ဒီနေ့လာရောက်ဖူးမြော်တာဖြစ်ပါတယ်။

ရပ်ကွက်မှာရှိတဲ့မိသားစုတွေ၊ ရပ်ဆွေရပ်မျိုးတွေစုပေါင်းပြီး လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရားကြီးပရိဝုဏ်ထဲစပြီးရောက်ရှိပြီဆိုကတည်းက စိတ်နှလုံးကြည်နူး မဆုံးဖြစ်မိပါတယ်။ ဘုရားကြီးရင်ပြင်တော်ပေါ် တက်ရောက်တဲ့အခါ ရဟန်းရှင်လူသက်ကြီးဘိုးဘွားတွေအတွက် စက်လှေကားလည်း စီစဉ်ပေးထားတာတွေ့ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးရဲ့ရင်ပြင်တော်ပေါ်မှာလည်း ဘုရားဝတ်ပြုသူတွေ၊ တရားရွတ်ဖတ်သူတွေနဲ့ ကြည်နူးစရာကောင်းလှပါတယ်။ ကျောက်စာရုံစေတီတွေ၊ မဟာဗောဓိညောင်ပင်ကိုလည်း ဖူးမြော်လေ့လာ ခဲပါတယ်။

ဒေါ်ခင်ဝေ

(ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်)

နေပြည်တော်မှာ တည်ထားကိုးကွယ်တဲ့ မာရဝိဇယဘုရားကြီးကို လိုင်းကားစီးပြီး လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို ကြည်ညိုဖူးမြော် လို့မဝနိုင်အောင် ဖြစ်ရပါတယ်။ ဘုရားကြီး ရင်ပြင်ပေါ်ကိုရောက်တော့ သဒ္ဓါကြည်ညိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ ဘုရားကြီးဖူးပြီးမှ ပိုပြီးသဒ္ဓါကြည်ညိုစိတ်တွေ ပိုပြီးများလာတာ တွေ့ရပါတယ်။ ဒီမာရဝိဇယဘုရားကြီးအတွင်း တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ အားလုံးတော်တော်များများလည်း ပြည့်စုံကောင်းမွန်ပါတယ်လို့ ပြောချင်ပါတယ်။ သက်ကြီးဘိုးဘွားတွေအတွက် ဘုရားကြီးအတွင်း မပင်ပန်းရအောင် ကြိုပို့ကားလေးတွေနဲ့ လိုက်ပို့ပေးတာကောင်းပါတယ်။ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးပြည်သူတွေကို ဘုရားကြီးအတွင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝိုင်းဝန်းကူညီကြပါတယ်။ ဒီဘုရားကြီးကို ကျွန်မနဲ့အတူ ၁၃ ဦး လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဇာတိမြေကို ပြန်လည်ရောက်ရှိတဲ့အခါလည်း မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြဖို့ မုဒိတာပွားတိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ နောက်လည်း လာရောက်ဖူးမြော်ချင်ပါသေးတယ်။

ဒေါ်ယဉ်ယဉ်အေး( နေပြည်တော်)

မာရဝိဇယဘုရားကြီးကို ဒုတိယအကြိမ်မြောက် လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ အရင်အပတ် ဗုဒ္ဓဟူးနေ့က ပထမအကြိမ် လာရောက်ဖူးမြော်ခဲ့ပြီးပါပြီ။ မိသားစုနဲ့အတူ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ရတာ စိတ်ထဲမှာ ဝမ်းသာကြည်နူးမိပါတယ်။ မာရဝိဇယဘုရားကြီး စပြီးတည်မယ်လို့ ကြားသိရကတည်းက ဖူးချင်တယ်လို့ ပြောနေတာ၊ ကိုယ်တိုင်လာရောက်ဖူးရလို့ ကျေနပ်မိပါတယ်။ ရာသီဥတု ကြည်လင်ကောင်းမွန်တဲ့နေ့ တစ်နေ့ကျရင် နောက်တစ်ကြိမ် လာရောက်ဖူးမြော်ပါဦးမယ်။ ဇာတ်နိပါတ်တော်တွေ လေ့လာကြည်ညိုပြီး ဘာဝနာတွေပွားများရသလို၊ ကျောက်စာရုံစေတီ တွေဖူးမြော်ပြီး ကိုယ့်ဘာသာ ကမ္ဘာကို သိရှိ၊ ပြသနိုင်အောင် အမြော်အမြင်ရှိရှိနဲ့ တည်ထားပေးတဲ့ ဦးဆောင်ဘုရားဒကာနဲ့ အလှူရှင်တွေကိုလည်း မေတ္တာပို့သပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အတိုင်းမသိ ဂုဏ်ယူမိပါတယ်။

မပြည့်ပြည့်အောင် (မိတ္ထီလာမြို့နယ်)

မာရဝိဇယဘုရားကြီးကို ပထမအကြိမ် လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ရွာကလည်း နေ့တိုင်းလိုလို မာရဝိဇယဘုရားကြီး ဖူးမြော်ချင်လို့ ကားတွေစီးပြီးလာရောက် နေကြတာတွေ ရှိပါတယ်။ ဘုရားကြီးက ကြီးကျယ်ခမ်းနားပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ ပိုပိုပြီးချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ဖို့ လူကြီးမိဘတွေအနေနဲ့ ကလေးငယ်တွေကိုလည်း ဖူးမြော်ကြည်ညိုလေ့လာနိုင်စေဖို့ လိုက်ပါပို့ဆောင် ပေးစေချင်ပါတယ်။ စကျင်ကျောက်တွေ မြန်မာနိုင်ငံမှာ အင်မတန်ထွက်တယ်ဆိုတဲ့ အသိလေးကို နောင်လာနောက်သား ကလေးသူငယ်တွေကနေမျက်ဝါးထင်ထင် တွေ့မြင်နိုင်ပြီး နိုင်ငံချစ်စိတ်၊ ဘာသာတရားချစ်စိတ်၊ လူမျိုးချစ်စိတ်တွေ ပေါက်ဖွားလာမယ့် ဘုရားကြီးလည်း ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ နောက်တစ်ခေါက် လာရောက်ဖူးမြော်ချင်ပါသေးတယ်။

မနန်းမိုးပွင့်ဖြူ၊ ကျောင်းသူ

(ဇေယျာသီရိမြို့နယ်)

ကျွန်မကတော့ ဇေယျာသီရိမြို့နယ်က မိသားစုနဲ့လာရောက်ဖူးမြော်တာ ပထမဦးဆုံးဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို စပြီးဖူးလိုက်တဲ့အချိန်မှာ ရင်ထဲမှာအေးချမ်းပြီးတော့ ကြည်ညိုစိတ် ဖြစ်ပေါ်ပါတယ်။ စိတ်လည်း အလွန်ချမ်းသာပါတယ်။ ကျောင်းကလည်း မာရဝိဇယဘုရားကြီးကို ဖူးမြော်ဖို့ လိုက်ပို့မယ်လို့လည်း ပြောပါတယ်။

ရုပ်မြင်သံကြားမှာ စတွေ့လိုက်တော့ ဘုရားကြီးဟာ ကြည်ညိုစရာအလွန်ပဲ ကောင်းပါတယ်။ ဘုရားကြီးကို ဖူးမြော်လိုတဲ့ဆန္ဒတွေ အတိုင်းမသိဖြစ်လာတဲ့အတွက် မိသားစုတွေနဲ့ လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေကို တစ်ခေါက်လောက်တော့ လာရောက်ဖူး စေချင်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းသား ကျောင်းသူတွေကိုလည်း ဘုရားကြီးကိုလာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ဟိန်းထက်ဇော်၊

နေဝင်းထွန်း (မြန်မာ့အလင်း)

ဓာတ်ပုံ- ဟိန်းထွန်း