နေပြည်တော် ဩဂုတ် ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်းဖွင့်လှစ်ထားရှိရာ ယနေ့ ဒသမမြောက်နေ့ ဩဂုတ် ၁၇ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ တဖွဲဖွဲဖြင့်စည်ကားလျက်ရှိသည်။
ယနေ့ ဩဂုတ် ၁၇ ရက်သည် ဘုရားဖူးပြည်သူများ အခမဲ့လာရောက် ဖူးမြော်နိုင်ရန် ရက်သတ်မှတ်တိုးမြှင့်ထားသည့် ပထမရက်ဖြစ်သည်။ အဆိုပါပထမရက်တွင်လည်း ဘုရားဖူးလာပြည်သူများအနေဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်၊ မော်တော်ဆိုင်ကယ်များပါမကျန် အမျိုးမျိုးသော ယာဉ်များဖြင့် ခရီးနှင်ရောက်ရှိလာကြသည်ကိုလည်း တွေ့ရသည်။
မာရဝိဇယဘုရားကြီး၏ မုခ်ဦးဝတွင် ယခင်ရက်များနည်းတူ စည်းကမ်းတကျ၊ စနစ်တကျဖြင့် ယာဉ်များရပ်တန့်ပြီး ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် လုံခြုံရေးအဖွဲ့များအနေဖြင့် စစ်ဆေးကြပ်မတ်ခြင်းကိုလည်း ပြည်သူများကြည်ဖြူစွာ အစစ်ဆေးခံကြသည်ကို တွေ့မြင်ရသည်။
ဘုရားကြီး ရင်ပြင်တော်ပေါ်သို့ အသုတ်လိုက်အသုတ်လိုက်ဖြင့် တက်ရောက်ဖူးမြော်နေကြသည့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများက ပန်းရေချမ်းဖြင့် မာရဝိဇယဘုရားကြီးအား ကပ်လှူပူဇော်ကြခြင်း၊ ပဋ္ဌာန်းဘာဝနာပွားများကြခြင်း၊ ဆုတောင်းမေတ္တာပို့သကြခြင်းများဖြင့် စိတ်နှလုံးအေးချမ်းဖွယ်ရှိသည်။
ယနေ့တွင် ဘုရားကြီးအားဖူးမြော်အပြီး ကျောင်းသားကျောင်းသူများအနေဖြင့် မှတ်တမ်းဓာတ်ပုံများမှတ်တမ်းတင်ခြင်း၊ စိတ်အေးချမ်းသာစွာသူငယ်ချင်းများဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများဖြင့် ကြည်နူးစရာမြင်ကွင်းများကိုလည်း တွေ့ရှိရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်၌ ဂန္ဓကုဋိတိုက် ၂၄ ဆောင်ကို စကျင်ကျောက်များဖြင့် တည်ဆောက်ထားရှိရာ ဘုရားဖူးပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုကြသည်။
ထို့ပြင် ဘုရားဖူးရဟန်းရှင်လူပြည်သူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို တစ်ပါတည်း လေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံ စေတီတော်အဆူ ၇၂၀ ကို ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာမူရာတည့်တည့်၌ တည်ဆောက်ပူဇော်ထားရှိရာ စိတ်ဝင်စားစွာ ဖူးမြော်လေ့လာ ကြည်ညိုကြသည်။
အဆိုပါ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံများ ပုံစံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ကျောက်စာရုံ၌ ပိဋကတ်သုံးပုံကျမ်းစာများကို လေ့လာသည်ဖြစ်စေ ကျောက်စာရုံများမှ ထွက်သည့်အခါ၌ဘုရားကြီး၏ မျက်နှာတော်ကို တွေ့မြင်ဖူးမြော် ကြည်ညိုနိုင်ရန်နှင့် ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများသည်လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာတွင် တည်ရှိနေရန် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြားအရပ်ဘက် ကျွမ်းကျင်ပညာရှင်များက စနစ်တကျ တွက်ချက်တည်ဆောက်ထားခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများအနေဖြင့် ဝင်ရောက်ဖူးမြော်ရာ၌ ကျောက်စာရုံ စေတီတော်များ၏ ဗိသုကာလက်ရာ၊ အင်ဂျင်နီယာ ပညာရပ်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထားကိုးကွယ်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။
ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဘုရားကျောင်းကန်များအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ခေတ္တအနားယူနိုင်စေရေးအတွက် ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက် ဆောက်လုပ်ထားသည့် သုဓမ္မာဇရပ်များတွင်လည်း အေးချမ်းစွာအပန်းဖြေအနားယူ ကြသူများဖြင့် စည်ကားလျက်ရှိသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစ၍ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက် ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ ဘုရားဖူးများဖြင့် အထူး စည်ကားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်နီး၊ ရပ်ဝေးမှရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဩဂုတ် ၁၉ ရက်အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုပေးသွားမည် ဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဩဂုတ် ၂၀ ရက်နှင့် နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ်ပါဝင်နိုင်ရေး မြန်မာနိုင်ငံသား လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.com ၊ www.twitter.com/Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း နှိုးဆော်အသိပေးထားသည်။
ဟိန်းထက်ဇော် (မြန်မာ့အလင်း)၊
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်