Skip to main content

ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားတက်ရောက်

ရန်ကုန် ဩဂုတ် ၁၇

အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်ပညာရေးမှူးများ၊  သင်တန်းသားသင်တန်းသူ ဆရာကြီး ဆရာမကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၏ အကျိုးရလဒ်အဖြစ် ဘာသာရပ်သဘောတရားများ၊ သီအိုရီဆိုင်ရာဗဟုသုတများနှင့် လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ အကြောင်းအရာများကို ခြုံငုံလေ့လာသုံးသပ်၍ မိမိတို့လုပ်ငန်းနယ်ပယ်တွင် ထိရောက်အောင်မြင်စွာ  လက်တွေ့အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် စီမံခန့်ခွဲမှုဆိုင်ရာ စုစည်းမှုစွမ်းရည်၊ စည်းရုံးမှုစွမ်းရည်၊ လှုံ့ဆော်မှုစွမ်းရည်၊ အကဲဖြတ်စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း။

ကျောင်းအုပ်ကြီးများအနေဖြင့် ဆရာ၊ ဆရာမများ၊ ရုံးဝန်ထမ်းများမှ အကျိုးအကြောင်း ဆီလျော်စွာတင်ပြလာသော တင်ပြချက်များ၊ အကြံပြုချက်များကိုလည်း လက်ခံပြီးပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘာသာရပ်ခွဲဝေပေးခြင်း၊ တာဝန်ပေးခြင်းများပြုလုပ်ရာတွင် လူမှန်နေရာမှန် အရည်အသွေးမှန်အတိုင်း ခွဲဝေပေးပြီး ကောင်းစွာစီမံအုပ်ချုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ဘက်လိုက်မှုမရှိရန်လိုအပ်သကဲ့သို့ ကိုယ်ချင်းစာနာစိတ်ဖြင့် စီမံအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၏ ကျွမ်းကျင်မှု၊ အမြော်အမြင်ရှိမှုတို့သည် အနာဂတ်ပညာရေးလောကကို များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယနေ့ ဖွင့်လှစ်သည့် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သို့ စုစုပေါင်း သင်တန်းသားသင်တန်းသူ ၁၀၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၆ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သုံးလကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါမန္တလေးပညာရေးဒီဂရီကောလိပ်၌ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ၍ မိမိတို့ဆရာ၊ ဆရာမများဖြစ်သည့်အခါ ကျောင်းသား/ကျောင်းသူများကို စာသင်ကြားပေးရုံသာမက စိတ်ဓာတ်ခွန်အားများပေး၍ အကျင့်စာရိတ္တကောင်းမွန်ပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသူများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ စာသင်ခန်းအတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်ရှိ တက္ကသိုလ်သုတေသနစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်