Skip to main content

ဘုရားကြီးကို ဖူးမြော်ရတဲ့အခါ ဘုရားကြီးရဲ့ တန်ခိုးတော်ကြောင့် ရင်ထဲနှလုံးသားထဲမှာ ကြည်လင်အေးမြသွားပါတယ် (ဦးညီလှ)

ဘုရားကြီးကို ဖူးမြော်ရတဲ့အခါ ဘုရားကြီးရဲ့ တန်ခိုးတော်ကြောင့် ရင်ထဲနှလုံးသားထဲမှာ ကြည်လင်အေးမြသွားပါတယ် (ဦးညီလှ)

ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူဖူးမြော်နိုင်ရေးခွင့်ပြုပေးခဲ့သည့် ကိုးရက်မြောက်နေ့ဖြစ်သော ဩဂုတ် ၁၆ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားလျက်ရှိကာ ယင်းသို့လာရောက်သည့် ဘုရားဖူးပြည်သူများအနက်မှ တချို့အားတန်ခိုးတော်ကြီးမားသည့် ရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ကြည်ညိုရခြင်းကြောင့်ရရှိလာသော ဝမ်းသာကြည်နူးပီတိဖြစ်မှုများအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ဦးညီလှ (မြို့သစ်မြို့နယ်)

ကျွန်တော်က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ ရွှေလရောင်ကွက်သစ်ရပ်ကွက်ကပါ။ ကျွန်တော်တို့ မနက် ၅ နာရီလောက်က ထွက်လာတာပါ။ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးက အင်မတန်မှကြည်ညို စရာ ကောင်းပါတယ်။ ပြီးတော့ဗုဒ္ဓသာသနာရဲ့ အထွတ်အမြတ်ဖြစ်တဲ့အတွက်ကြောင့် ဖူးချင်စိတ်တွေ ပြင်းပြစွာ နဲ့ လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ အခုဘုရားကြီးမှာ ဓာတ်ပုံတွေလည်းရိုက်ပြီးသွားပြီ၊ မှတ်တမ်းတွေလည်း ယူပြီးသွားပါပြီ။ ကျွန်တော်တို့ဆီက လာရောက်မဖူးမြော်ရသေးတဲ့ ဗုဒ္ဓဘာသာဝင်မိတ်ဆွေအပေါင်းကို ပြန်လည်ပြီးတော့မျှဝေဖို့ပါ။ ဘုရားကြီးကို ဖူးမြော်ရတဲ့အခါ ဘုရားကြီး ရဲ့ တန်ခိုးတော်ကြောင့် ရင်ထဲနှလုံးသားထဲမှာ ကြည်လင်အေးမြသွားပါတယ်။ ကျောက်စာရုံစေတီတွေထဲမှာ ကျောက်စာတွေကအများကြီးဆိုတော့ ရောက်တုန်းရောက်ခိုက်လေးမှာ နေရာအနှံ့လည်ပတ်ပြီး လေ့လာဖတ်ရှုရဦးမှာပါ။ ဗုဒ္ဓသာသနာရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ပိဋိကတ်သုံးပုံ တော်မှာပါတဲ့ ဝိနည်းတွေ၊ အဘိဓမ္မာတွေကို လေ့လာမှာဆိုတော့ နေရာစုံအောင်တော့ သွားရောက်လေ့လာဖတ်ရှုမှာပါ။ ဒီဘုရားကြီးကို တည်ထားပေးတဲ့ ဦးဆောင်ဦးရွက်ပြုသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထူးထူးခြားခြားက တော့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ မျက်နှာတော်က ကြည်လင်ပြီးတော့ မေတ္တာဓာတ်အပြည့်အဝပေးတယ်လို့ ခံစားရပါတယ်။ ဒါကိုက အင်မတန်ထူးခြားတယ်လို့မြင်ပါတယ်။ ဗုဒ္ဓဘာသာ ဝင်အားလုံး ဖူးမြော်သင့်တဲ့ ဘုရားကြီးတစ်ဆူဖြစ်သလို လူသားအားလုံးအတွက်လည်း အေးချမ်းသာယာပြီး အနားယူခိုလှုံရာ နေရာတစ်ခုဖြစ်တဲ့အတွက် လာရောက်ဖူးမြော်ကြပါလို့ နှိုးဆော်ချင်ပါတယ်။

ဒေါ်ကုလာရီ (မိတ္ထီလာမြို့)

ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူဗုဒ္ဓ ရုပ်ပွားတော်တွေထဲမှာ အကြီးဆုံးဖြစ်သလို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ခါစဆိုတော့ ကြည်ညိုလွန်းလို့၊ ဖူးချင်လွန်းလို့ လာရောက်ဖူးမြော်တာပါ။ အခုမှ ရောက်တာဆိုတော့ အခြားနေရာတွေမဖူးရသေးဘူး။ ဘုရားကြီးပဲ ဖူးရသေးတယ်။ သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေမှာဖူးရတယ်။ ကိုယ်တိုင်လက်တွေ့ လာရောက်ဖူးမြော်လိုက်တော့ ကြည်နူးရ တယ်၊ အံ့ဩရတယ်၊ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံးဆိုတော့ ထူးထူးခြားခြား ဖူးမြော်ရပါတယ်။ လာရောက်မဖူးမြော်ရသေးတဲ့ သူတွေအနေနဲ့ လာရောက်ဖူးမြော်သင့်ပါတယ်။ ထူးဆန်းအံ့ဩဖွယ်၊ ကြည်ညိုဖွယ်ကောင်းတဲ့အတွက် လာရောက်ဖူးမြော်ကြ ပါလို့ ပြောချင်ပါတယ်။

ဒေါ်ခင်မြတ်သွယ် (ဇေယျာသီရိမြို့နယ်)

ကျွန်မကတော့ အထက(၁) ဇေယျာသီရိမြို့နယ်က မူလတန်းပြဆရာမပါ။ ဘုရားကြီးနဲ့ကျောက်စာရုံစေတီတွေကို ဖူးပြီးသွားပါပြီ။ ကျောင်းသား ကျောင်းသူ တွေကို ကျောက်စာရုံစေတီတွေမှာရှိတဲ့ ကျောက်စာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားပေးပါတယ်။ ပြီးတော့ ဂန္ဓကုဋိတိုက်တွေထဲမှာရှိတဲ့ ဗုဒ္ဓဝင်ဇာတ်တော်တွေကို ရေးဆွဲထားတဲ့ပန်းချီကားချပ်တွေအကြောင်းရှင်းပြတယ်။ ကလေးတွေသိချင်တာကို ကိုယ်သိသလောက်၊ မှတ်သလောက်လေးရှင်းပြရတာပေါ့။ ကျောင်းသား ကျောင်းသူလေးတွေကို ကျောင်းအစီအစဉ်နဲ့ပို့တာ နှစ်ခေါက်ရှိပါ ပြီ။ ဒီနေ့ သုံးခေါက်မြောက်အနေနဲ့ Grade-4 နဲ့ Grade-5 ဆိုတော့ လူဦးရေငါးရာလောက်တော့ရှိမယ်။ ကားဆယ်စီးနဲ့ လာရောက်ဖူးမြော်တာပါ။ ပြီးခဲ့တဲ့နေ့တွေကတော့ ခုနစ်ရာ၊ ရှစ်ရာရှိတယ်။ ကားကတော့ ပိုများတယ်။ ဒီလိုလိုက်ပို့ ပေးတဲ့အတွက် ကျောင်းသား ကျောင်းသူ လေးတွေရဲ့ရင်ထဲမှာ ကောင်းတဲ့အရာလေးတွေ တစ်ခုခုရသွားမယ်၊ မသိသေး တာလေးတွေ တစ်ခုလောက်သိသွားမယ်ဆိုရင်ပဲ လိုက်ပို့ရကျိုးနပ်ပါတယ်။

ဒေါ်တုတ် (ရေးဦးမြို့နယ်)

ဒီဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဘုရားကြီးဝင်းအတွင်းမှာ စကျင်ကျောက်တွေ ခင်းထားတဲ့အတွက်လည်း ပိုပြီး အေးချမ်းတယ်လို့ ခံစားရပါတယ်။ ဘုရားကြီးကလည်း သပ္ပာယ်ပြီး ကြည်ညို စရာကောင်းပါတယ်။ နောက်ပြီးအခုလိုပေါများလှတဲ့ ဘုရားဖူးလာဧည့်ပရိသတ် တွေကိုလည်း တစ်ခါမျှမမြင်ဖူးပါဘူး။ ဒီလိုဖူးမြော်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ ဦးဆောင်ဘုရားဒါယကာကြီးနဲ့ အလှူရှင်အပေါင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ဦးစံညွန့် (လယ်ဝေးမြို့နယ်)

ကျွန်တော်ကတော့ လယ်ဝေးမြို့နယ် ပင်ငါးမြောင်ကျေးရွာကပါ။ ဘုရားကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ အကြီးဆုံးဆိုတော့ လာပြီးဖူးမြော်လိုက်တာ။ တကယ်လည်း ကြီးကျယ်ခမ်းနားလှပါတယ်။ ကျောက်စာတွေမှာ ပါဠိနဲ့ရိုမန် နှစ်ဘာသာနဲ့ ရေးထားတာဆိုတော့ လေ့လာဖတ်ရှုမယ်ဆိုပြီး ဒီကျောက်စာရုံစေတီဘက်ကို လာခဲ့လိုက်တာ။ ပါဠိနဲ့ ရေးထွင်းထားတာတော့ ကောင်းပါတယ်။ ပါဠိနဲ့ရေးထားတော့ ကျွန်တော်တို့ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တွေဆိုတော့ နားလည်တယ်။ အမှန်အတိုင်းပြောရရင် ရိုမန်နဲ့ရေးထားတာကတော့ ကျွန်တော်တို့လည်း မဖတ်တတ်ဘူး။ နိုင်ငံတကာက လာရင်တော့ဖတ်လို့ အဆင်ပြေတာပေါ့။ အခုလာရောက်ဖူးမြော်ရတာလည်း ရွာကဆရာတော် ဘုရားရဲ့ကျေးဇူးကြောင့်ပါ။ ဆရာတော်က လိုက်ပို့လို့ ဖူးရတာပါ။

ဦးသောင်းမြင့် (ကညွတ်ကွင်းမြို့)

ကျွန်တော်က ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့ကပါ။ နိဗ္ဗာန်ကိုမျှော်မှန်းပြီး ဘုရားကြီးကို လာရောက်ဖူးမြော်တာပါ။ ကျွန်တော်ကရောဂါလည်းစုံတယ်။ အဲဒါကြောင့် တစ်သက်မှာတစ်ခါ လာရောက်ဖူးမြော်တာပါ။ ည ၇ နာရီ လောက်မှပဲပြန်မှာပါ။ ကိုယ်တိုင်လက်တွေ့ လာရောက်ဖူးမြော်လိုက်တော့ ဗုဒ္ဓဘုရားစင်စစ်ကို ဖူးမြော်ရသလို ခံစားရ ပါတယ်။ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံး ဘုရားရဲ့အဆုံးအမတွေကို လိုက်နာကျင့်ကြံအားထုတ်မယ်ဆိုရင် ကျန်းမာ၊ ချမ်းသာတဲ့ဘဝတွေပိုင်ဆိုင်ကြမှာပါ။ ကျွန်တော်လည်း အဲဒီလိုပါ။ ဘုရားရိပ်၊ တရားရိပ်အောက်မှာ ခိုလှုံဖို့ရောက်လာခဲ့တာပါ။ အခုလည်း ဒီဘုရားကြီးကိုရောက်တော့ အေးချမ်းသလိုခံစားရပါတယ်။ အသက်က ၇၇ နှစ်ရှိပြီး။ နှလုံးတို့၊ ကျောက်ကပ်တို့က မကောင်းဘူး။ ဒါပေမယ့် အသက်ရှိနေစဉ်မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ချင်တဲ့ ဆန္ဒရှိတာကြောင့် လာရောက်ဖူးမြော်တာပါ။

ဦးကျော်တင့် (ပျဉ်းမနားမြို့နယ်)

ကျွန်တော်က ပျဉ်းမနားမြို့နယ် မီးလောင်ကုန်းရွာသစ်အုပ်စုကပါ။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးချင်တဲ့စိတ်က အာသီသများနေတဲ့အတွက် လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ဘုရားကြီးက သပ္ပာယ်ပြီးကြည်ညိုစရာကောင်းပါတယ်။ ဂန္ဓကုဋိတိုက်ထဲမှာ ဗုဒ္ဓဝင်ဇာတ်တော်လာတွေကို ပန်းချီကားနဲ့ ရေးဆွဲသရုပ်ဖော်ထားတာကို လေ့လာဖတ်ရှုရပါတယ်။ ဒါတွေကို ဖတ်ရှုရခြင်းအားဖြင့် သံဝေဂရစရာတွေလည်း တွေ့ရ ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုကြီးတဲ့ ဘုရားကြီးကို ဖူးမြော်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ စကျင်ကျောက်တွေပေါ်မှာ ထွင်းထုထားတဲ့ ဗိသုကာလက်ရာတွေကလည်း အင်မတန်ကောင်းမွန်တဲ့ လက်ရာတွေပါ။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့အတူ ထူးခြားကောင်းမွန်တဲ့ ဗိသုကာလက်ရာတွေ၊ စကျင်ကျောက်စာတွေကို ကမ္ဘာကိုချပြခွင့်ရတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်။

တွေ့ဆုံမေးမြန်း - အလင်းသစ်၊ သန်းတင်အောင်

ဓာတ်ပုံ - နေမျိုး