မာရဝိဇယဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ်ကို တက်ရောက်ဖူးမြော်ဖို့ ကျွန်မတို့လို ဝှီးချဲနဲ့လာရောက်ဖူးမြော်တဲ့ ပြည်သူတွေအတွက် စက်လှေကားကို တပ်ဆင်ပေးထားတာလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ် (ဒေါ်ကြူ)
နေပြည်တော် ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဩဂုတ်၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ နဝမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၆ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
အဖွဲ့အလိုက် ဘုရားဖူးအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအားကောင်းစွာ လှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်စွာလေ့လာကြည့်ရှုနေမှုများကို မြင်တွေ့ရသည်။ ဘုရားကြီးသို့ လာရောက်ဖူးမြော်သူများ၏ ပီတိစကားများ၊ အနုမောဒနာ သာဓုခေါ်သံများနှင့် သဘောထားအမြင်များတို့ကို စုစည်းတင်ဆက်လိုက်ပါသည်။
ဒေါ်ရုစိမာ (စစ်ကိုင်းတောင်ရိုး၊ သာသနာ့ဗိမာန်စာသင်တိုက်)
ဆရာလေးက စစ်ကိုင်းတောင်ရိုးသာသနာ့ဗိမာန် စာသင်တိုက်ကနေ သူငယ်ချင်းဆရာလေးများနဲ့အတူ နေပြည်တော်မှာရှိတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးကို လာရောက်ဖူးမြော်ကြည်ညိုတာဖြစ်ပါတယ်။ စကျင်ကျောက်တွေနဲ့ပြုလုပ်ထားတဲ့ မာရဝိဇယဗုဒ္ဓဘုရားကြီးကို ရုပ်မြင်သံကြားသတင်းတွေနဲ့ နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ ကြည့်ရှုရတဲ့အတွက် ကြည်ညိုသဒ္ဓါပွားပြီး လာရောက် ဖူးမြော်ချင်တာကြာပါပြီ။ အခုတော့ဖူးမြော်ချင်တဲ့ ဆန္ဒတွေပြည့်ပါပြီ။ စစ်ကိုင်းမြို့ကနေ မနက်အစောထွက်လာတာဖြစ်တဲ့အတွက် အရုဏ်ဆွမ်းကို မာရဝိဇယဘုရားကြီးမှာ အလှူဒါနပြုနေတဲ့ သက်သတ်လွတ် ဒံပေါက်ကိုဘုဉ်းပေးပါတယ်။ အင်မတန်မှဝမ်းသာပီတိဖြစ်ပါတယ်။ ဘုရားဖူးလာ ရဟန်းရှင်လူ အများပြည်သူများကလည်း ဘုရားကြီးမှာ လိုအပ်တဲ့ မွမ်းမံမှုများပြုလုပ်နိုင်ဖို့ သဒ္ဓါတရားနည်းများမဆို လှိုက်လှိုက်လှဲလှဲ လှူဒါန်းကုသိုလ်ယူနေကြတာတွေ မြင်ရတော့လည်း ပီတိတွေပွားပြီး သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်။
ဒေါ်ကြူ (ပျဉ်းမနားမြို့နယ်)
ကျန်းမာရေး မကောင်းတဲ့ကြားကဘုရားကြီးကို ဖူးချင်လွန်းလို့ မိသားစုနဲ့အတူ လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဘုရားကြီးရဲ့မုခ်ဦးကိုဝင်လိုက်တာနဲ့ ဘက်ဂီကားလေးတွေက ရဟန်း၊ သီလရှင်၊ သက်ကြီးဘိုးဘွား၊ ကိုယ်ဝန်ဆောင်မိခင်၊ ရင်ခွင်ပိုက်ကလေးငယ်ရှိတဲ့ မိဘတွေကို အခမဲ့ပို့ဆောင်ပေးတာတွေလည်း တွေ့မြင်ရတဲ့အခါမှာလည်း စိတ်ကြည်နူးစရာတွေ ဖြစ်ပေါ်လာမိပါတယ်။
မာရဝိဇယဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ်ကို တက်ရောက်ဖူးမြော်ဖို့ ကျွန်မတို့လို ဝှီးချဲနဲ့ လာရောက်ဖူးမြော်တဲ့ ပြည်သူတွေအတွက် စက်လှေကားကို တပ်ဆင်ပေးထားတာလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်။ မာရဝိဇယဘုရားကြီးရင်ပြင်ပေါ်မှာ ဘုရားကြီးကို အားပါးတရဖူးမြော်ကြည်ညိုလိုက်ရတဲ့အခါ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းသွားတယ်လို့ ခံစားမိပါတယ်။ ဘုရားတကာအပေါင်းလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။
ဒေါ်သန်းဌေး (ရမည်းသင်းမြို့နယ်၊ သစ်ဆုံကြီးရွာ)
ဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့ဟာဘုရားကြီး အခမဲ့ဖူးမြော်နိုင်တဲ့ နောက်ဆုံးရက်ဆိုတာ ရုပ်မြင်သံကြားသတင်းတွေ၊ ရေဒီယိုသတင်း တွေကနေတစ်ဆင့် ကြားသိရပါတယ်။ အဲဒီလို ကြားသိရတော့ ဒီနေ့တော့ ရောက်အောင်သွားဖူးမယ်ဆိုပြီး မိသားစုတွေတိုင်ပင်ပြီး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ဖြစ်တာပါ။ ဒါပေမယ့် ဘုရားကြီးကိုရောက်တော့ ဩဂုတ်လ ၁၉ ရက်နေ့အထိ အခမဲ့လာရောက် ဖူးမြော်နိုင်ကြောင်း ထပ်ဆင့်ကြေညာထားတာ သိရှိရပါတယ်။ ဘုရားကြီးဖူးဖို့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ် ကားတက်လိုက်ပြီ ဆိုကတည်းက ပီတိတွေဖြစ်၊ ကျေနပ်အားရမှုတွေဖြစ်နဲ့ ပျော်လို့ မဆုံးပါဘူး။ ဘုရားကြီးရင်ပြင်တော်ပေါ်မှာ ဂုဏ်တော်တွေပွားပါတယ်။ ပဋ္ဌာန်းတွေ ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ဂန္ဓကုဋိတိုက်၊ ကျောက်စာရုံစေတီ၊ ခေါင်းလောင်းတော်ကြီး၊ မဟာဗောဓိညောင်ပင်နဲ့ မုစလိန္ဒကန်တွေကိုလည်း ကြည်ညိုသဒ္ဓါပွား ဖူးမြော်လေ့လာခဲ့ရပါတယ်။
မပြည့်ဖြိုးခိုင် (ကျောက်ပန်းတောင်းမြို့နယ်၊ ဆယ်ရွာ)
မာရဝိဇယဘုရားကြီးကို ခုလိုလာဖူးရတာ လူငယ်တစ်ယောက်အနေနဲ့ ဝမ်းသာမှု၊ ပျော်ရွှင်မှုအပြည့်ဖြစ်မိပါတယ်။ ဘုရားကြီးပရိဝုဏ်ထဲမှာရှိတဲ့ ဂန္ဓကုဋိတိုက်၊ ကျောက်စာရုံစေတီတွေကို ဖူးမြော်ကြည်ညို လေ့လာတဲ့အခါ ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်တွေကို သိခဲ့ရပါတယ်။
မာရဝိဇယဘုရားကြီးကို တည်ဆောက်ထားတာ အလွန်ပဲကြီးကျယ်ခမ်းနားလှပါတယ်။ တစ်တပ်တစ်အား အများကောင်းမှုအဖြစ် လှူဒါန်းလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာတဲ့အတွက် အလှူငွေတွေကိုလည်း လှူဒါန်းပူဇော်ခဲ့ပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့ ကမ္ဘာလှည့်ခရီးသွားများကိုလည်း A အဆင့်ရှိ စကျင်ကျောက်တွေအသုံးပြုပြီး တည်ထားကိုးကွယ်ထားတဲ့ ကမ္ဘာပေါ်ရှိ ထုဆစ်ထားတဲ့ဘုရားတွေထဲမှာ အကြီးဆုံးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးကို လာရောက်ဖူးမြော်ကြည်ညို လေ့လာနိုင်ကြပါစေလို့ မုဒိတာစကားပါးလိုက်ရပါတယ်။
ဦးသောင်းရွှေ (လယ်ဝေးမြို့နယ်)
ကျွန်တော်တို့ မိသားစုလိုက် မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာဖြစ်ပြီး ကြည်နူးဝမ်းသာဖြစ်ရပါတယ်။ နိုင်ငံတော်အကြီးအကဲက ဒီဘုရားကြီးကိုတည်ထားပေးလို့ ပြည်သူလူထု ဖူးမြော်ရခြင်းဖြစ်ပါတယ်။ သက်ကြီးဘိုးဘွားတွေနဲ့ မသန်စွမ်းပြည်သူတွေအတွက် အစစအရာရာ စီစဉ်ပေးထားတာတွေကိုလည်း ကျေနပ်အားရဖြစ်မိပါတယ်။ ဒါမှလည်း ဘုရားဖူးလာပြည်သူတွေ အဆင်ပြေအေးချမ်းစွာ ဖူးမြော်နိုင်မှာဖြစ်ပါတယ်။ ဘုရားဖူးပြည်သူတွေကို ဘုရားရင်ပြင်တော်အရောက် ကြိုပို့ကားလေးတွေနဲ့ လိုက်ပို့ပေးတာ အဆင်ပြေပါတယ်။
ကိုဇော်ဝင်း (ပျော်ဘွယ်မြို့နယ်)
ဒီမာရဝိဇယဘုရားကြီးက ကမ္ဘာပေါ်မှာအကြီးဆုံးစကျင်ကျောက် ဗုဒ္ဓဆင်းတုတော်ကြီးဆိုတော့ ကျွန်တော်တို့က ကြည်ညိုချင်တဲ့စိတ်ဖြစ်ပေါ်ပြီး လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ မိသားစုနဲ့အတူ လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။နောက်လည်း မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။
မာရဝိဇယဘုရားကြီးဖူးပြီးတာနဲ့ နေပြည်တော်မှာရှိတဲ့ အထင်ကရနေရာတွေကိုလည်း သွားရောက်လည်ပတ်ပြီးမှ ပျော်ဘွယ်ကိုပြန်မှာပါ။
အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့လည်း မာရဝိဇယဘုရားကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြပါ။ ဘုရားကြီးဖူးလိုက်ရတဲ့ ဝမ်းမြောက်ပီတိ အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။
ကိုအောင်ဝင်း (ရမည်းသင်းမြို့နယ်)
မိသားစုနဲ့အတူ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ကျွန်တော်တို့ကတောသူတောင်သားတွေလည်း ဖြစ်ပါတယ်။ ဒီဘုရားကြီးကို မရောက်လည်းမရောက်ဖူးလို့ ရောက်ဖူးချင်လို့ လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ဒီဘုရားကြီးရဲ့ မျက်နှာတော်က ရုပ်မြင်သံကြားမှာဖူးတွေ့ရတာ ကြည်ညိုစရာ အင်မတန်ကောင်းတဲ့အတွက် လာရောက်ဖူးမြော်ရခြင်း ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးအတွင်း တည်ဆောက်ပေးထားတဲ့ သာသနိကအဆောက်အအုံတွေ၊ သိမ်ဇရပ်တွေ၊ နဂါးရုံဘုရားနဲ့ ကျောက်စာရုံစေတီငယ်တွေကို ထည့်သွင်းတည်ဆောက်ပေးထားလို့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဘုရားကြီးမျိုးကို ဖူးမြော်ဖူးခြင်းမရှိသေးပါဘူး။ မာရဝိဇယဘုရားကြီးကို အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူတွေကို တစ်ခါတစ်ခေါက်တော့ လာရောက်ဖူးမြော်ပါလို့ ပြောချင်ပါတယ်။
မခင်ဇာနည်ထွေး (တပ်ကုန်းမြို့နယ်)
ဒီမာရဝိဇယဘုရားကြီးကို လူတွေအများကြီး ဖူးမြော်ကြတာသိရလို့ လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်တာ ဒါကပထမဦးဆုံးဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးက ကမ္ဘာမှာအကြီးဆုံး ကျောက်ဆစ်ရုပ်ပွားတော်ကြီးဖြစ်လို့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ အလွန်ကောင်းပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်တဲ့ သက်ကြီးဘိုးဘွားတွေအတွက် ဘုရားရင်ပြင်ပေါ်ကို မတက်နိုင်ရင်ဘေးမှာ စက်လှေကား စီစဉ်ပေးထားတာ တွေ့ရပါတယ်။ အဲဒါကလည်း အဆင်ပြေပါတယ်။
မောင်ဇော်နိုင်အောင် (ကျောင်းသား၊ အ.ထ.က(ကံသာ) လယ်ဝေးမြို့နယ်)
ကျောင်းက ဆရာမတွေနဲ့သူငယ်ချင်းတွေစုပေါင်းပြီး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို သူငယ်ချင်းတွေနဲ့အတူ ဘုရားလာဖူးတော့ပျော်ရွှင်မှုတွေနဲ့ ဗဟုသုတတွေ အများကြီးရပါတယ်။ နောက်ထပ်တစ်ခါ သူငယ်ချင်းတွေနဲ့ဆုံပြီး ဘုရားလာဖူးဦးမှာပါ။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေနဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ပါလို့ ပြောချင်ပါတယ်။
မမေသီသီလင်း ကျောင်းသူ (G-11) (ကောင်းထူးချွန် ကိုယ်ပိုင်အထက် တန်းကျောင်း၊ ပျဉ်းမနားမြို့နယ်)
ညီမတို့က ကောင်းထူးချွန် ကိုယ်ပိုင်အထက်တန်းကျောင်းက လာတာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ လာဖူးတာဖြစ်ပါတယ်။ ဘုရားကြီးကသိပ်ကို ကြည်ညိုစရာကောင်းပါတယ်။ ညီမတို့လာဖူးတာ နှစ်ခေါက်ရှိပါပြီ။ မာရဝိဇယဘုရားကြီးမပြီးခင်က မိသားစုနဲ့တစ်ခေါက်၊ အခုကတော့ကျောင်းက သူငယ်ချင်းတွေနဲ့တစ်ခေါက် လာတာဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းသား ကျောင်းသူ အယောက် ၈၀ ကျော် လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။
ဟိန်းထက်ဇော်၊ နေဝင်းထွန်း (မြန်မာ့အလင်း)
ဓာတ်ပုံ - ဟိန်းထွန်း