နေပြည်တော် ဩဂုတ် ၁၆
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်ရှိ သဒ္ဓါကြည်ဖြူ အိတ်မျိုးစုံချုပ်လုပ်ငန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်ပထုတ်ကုန်များအစား ပြည်တွင်းထုတ်ကုန်များကို အစားထိုးသုံးစွဲခြင်းအပြင် နိုင်ငံတကာအဆင့်မီသော အိတ်များချုပ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးစားသွားကြရန်နှင့် MSME အသင်း အဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ရွှေနံ့သာရပ်ကွက်သစ်ရှိ စာသင်ကျောင်းတည်ဆောက်မည့် မြေနေရာအခြေအနေ၊ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအဂ္ဂဂေဟာပန်းပု လုပ်ငန်းနှင့် မင်းကုန်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ ဝါးကမ္ဘာအဆင့်မြင့် ဝါးတူစက်ရုံသို့ သွားရောက်ကြည့်ရှုပြီး MSMEs ထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော်များတွင် ပန်းပုပစ္စည်းများ ခင်းကျင်းပြသရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ ဝါးနှင့်ပတ်သက်သည့် ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများရရှိရေး Bamboo ဝါးသမအသင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင်သည် ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွား တောင်သူအသိပညာပေး စင်တာသို့ရောက်ရှိပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးယူ၍ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် ဝက်တစ်ယူနစ်လျှင် ကျပ်သိန်း ၃၅၀ ဝက်ကောင်ရေ ၁၀၀၊ အသားတိုးကြက်/ ဘဲ တစ်ယူနစ်လျှင် ကျပ်သိန်း ၁၅၀ ကောင်ရေ ၃၀၀၀ ဖြင့်ထုတ်ချေးပေးလျက်ရှိကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ညီညွတ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်၍ လျှောက်ထားနိုင်ကြောင်း၊ စိုက်ပျိုး ရေးနှင့်ပတ်သက်၍ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် ဓာတ်မြေဩဇာတစ်ဆနှင့် သဘာဝမြေဩဇာသုံးဆ ရောစပ်၍ အချိန်ကိုက်အချိုးကျ သုံးစွဲသွားနိုင်ရေး ဆွေးနွေးပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ညိုအုပ်စုမှ တောင်သူ ၆၁ ဦးအတွက် သွင်းအားစု အာမိုယူရီးယားဓာတ်မြေဩဇာများ ကို သတ်မှတ်နှုန်းထားအတိုင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်