Skip to main content

လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၁၆

လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဖက်အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ဖက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု စိတ်ဝင်စားသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အရေးပါသောအခန်းကဏ္ဍက ပါဝင်

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ဖက်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံအများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး ကမ္ဘာ့လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်ကို လုပ်ကွက်ငယ်တောင်သူများက ထုတ်လုပ်နေခြင်းဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အရေးပါသော အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်း။

မြန်မာနိုင်ငံသည် လက်ဖက်စတင်ပေါက်ရောက်ရာ မူရင်းဒေသများအနက်တစ်ခုဖြစ်ပြီး မိရိုးဖလာ စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုး၍ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ၂၀၂၀ - ၂၀၂၁ ခုနှစ် စာရင်းများအရ စုစုပေါင်းလက်ဖက်အထွက် ပိဿာ(၆၉)သန်းခန့်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာ့လက်ဖက်ကို ပြည်ပသို့တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ (၂ ဒသမ ၅) သန်းခန့်ရရှိခဲ့သည်ဟု သိရှိရကြောင်း။

၁၉၉၁-၁၉၉၂ ခုနှစ်မှ စတင်၍ လက်ဖက်တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးကို အမျိုးသားစီမံကိန်းအစီအစဉ်ဖြင့် ကာလတို (၅)နှစ် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်ထိ လက်ဖက်စိုက်ဧရိယာ ဧက (၂ ဒသမ ၃၉) သိန်းစိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧရိယာဧက(၂ ဒသမ ၄)သိန်းအထိ တိုးချဲ့စိုက်ပျိုးလာလျက်ရှိကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ စီမံကိန်းမစတင်မီ ပိဿာ(၂၃၀)ခန့် ထွက်ရှိရာမှ စီမံကိန်းကာလနောက်ပိုင်းတွင် (၂၇၅) ပိဿာခန့်ထွက်ရှိလာသည်ကို တွေ့ရှိရသော်လည်း နိုင်ငံတကာအထွက်နှုန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ဧရိယာများ တိုးချဲ့သကဲ့သို့ တစ်ဧကအထွက်နှုန်းတိုးတက်လာစေရန် မျိုးပြောင်းလဲခြင်း၊ စိုက်ပျိုးနည်းစနစ်များ၊ သွင်းအားစုထည့်သွင်းမှုများ၊ အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်းတို့တွင် နည်းပညာပေးခြင်း၊ ကိုင်းဖြတ်ပြုပြင်ခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ လိုက်နာဆောင်ရွက်ခြင်း၊ စက်ကိရိယာများ ပိုမိုသုံးစွဲခြင်း စသည့်လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်လာကြစေရန် ကြိုးပမ်းရာတွင် အဓိကကျသော ပုဂ္ဂလိကအခန်းကဏ္ဍဖြစ်သည့် မြန်မာနိုင်ငံလက်ဖက်အသင်းနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။

အလားတူ လက်ဖက်များကို လက်ဖက်အစို၊ လက်ဖက်အခါးခြောက်၊ လက်ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊ လက်ဖက်ဝိုင်စသော တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ဆန်းသစ်တီထွင်သော နည်းလမ်းများဖြင့် ထုတ်လုပ်ရန်လည်း လိုအပ်လျက်ရှိကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုအတွေ့အကြုံများကို အခြေခံပြီး လက်ဖက်တစ်ဧကအထွက်နှုန်း တိုးတက်စေရေးနှင့် တန်ဖိုးမြင့်လက်ဖက်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ် ဖြန့်ဖြူးရေးအတွက် နည်းပညာပိုင်း၊ မူဝါဒပိုင်းနှင့် နည်းဗျူဟာပိုင်း အားကောင်းလာစေရန် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ထို့နောက် စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု၊ စားသုံးမှု၊ ပြည်ပတင်ပို့မှု၊ မျိုး၊ မြေဩဇာသုံးစွဲမှု အကြံပြုချက်နှင့် သုတေသနရှုထောင့်မှအမြင်များကို ရှင်းလင်းဆွေးနွေးကြပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံလက်ဖက်အသင်းမှတာဝန်ရှိသူများက မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များ၊ ဖြည့်စွက်မွမ်းမံ သင်ကြားပေးနိုင်သော ဘာသာရပ်များနှင့် စိုက်ခင်းစတင်ချိန်မှစ၍ ကြုံတွေ့ရသည့် ပြဿနာများကို ဇီဝဗေဒ၊ လူမှုရေး၊ စီးပွားရေး ရှုထောင့်ပေါင်းစုံမှ တင်ပြဆွေးနွေးကြသည်။

ပါဝင်ဆွေးနွေး

ယင်းနောက် အုပ်စုအလိုက်ဆွေးနွေးခြင်း(SWOT Analysis)အစီအစဉ်တွင် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မျိုး၊ မြေဩဇာသုံးစွဲမှု အကြံပြုချက်နှင့် သုတေသနဆောင်ရွက်မှု၊ ပြုပြင်လုပ်ဆောင်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ပြည်တွင်းအသုံးပြုမှုနှင့် ပြည်ပကုန်သွယ်မှုခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလက်ဖက်အသင်းမှ ကျွမ်းကျင်သူများနှင့် လက်ဖက်ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြန်မာနိုင်ငံလက်ဖက်တန်ဖိုးကွင်းဆက်မြှင့်တင်ရေး လမ်းပြမြေပုံရေးဆွဲခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

တိုးချဲ့စိုက်ပျိုးနိုင်ရေး

အမယ်သစ် ပြည်ပပို့ကုန်အဖြစ် အလားအလာကောင်းသည့် လက်ဖက်သီးနှံကို ဇုန်နယ်မြေများသတ်မှတ်၍ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လက်ဖက်တန်ဖိုး ကွင်းဆက်တစ်လျှောက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်းနှင့် လက်ဖက်တန်ဖိုး ကွင်းဆက်မြှင့်တင်ရေးလမ်းပြမြေပုံရေးဆွဲခြင်းကို ဝန်ကြီးဌာန လက်ဖက်ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍမှ လက်ဖက်ပညာရှင်များ ဆွေးနွေးအဖြေရှာပြီး အသေးစိတ်အစီအစဉ်များချမှတ်နိုင်ရန် ရည်ရွယ်၍ လက်ဖက်စိုက်ပျိုးရေးနှင့် အနာဂတ်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်