Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ရန်ကုန် ဩဂုတ် ၁၆

စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် ပညာရေးအရာရှိများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားလာ‌စေရန် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပညာ‌‌ရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေး စီမံအုပ်ချုပ်မှု သင်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထိရောက်စွာ အကောင်အထည်ဖော်

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာနရှိ အရာထမ်းများအနေဖြင့် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စီမံအုပ်ချုပ်မှုကျွမ်းကျင်ပြီး ထိရောက်စွာ ဆောင်ရွက်တတ်ရန်၊ စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုစွမ်းရည်များ ပိုမိုမြင့်မားတိုးတက်စေရန်၊ စွမ်းဆောင်ရည်မြင့်မား၍ ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်၊ ပညာရေးမူဝါဒများကို သိရှိလိုက်နာ ဆောင်ရွက်တတ်စေရန်၊ အဆင့်အလိုက်စီမံအုပ်ချုပ်မှုလုပ်ငန်းများကို သိရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာ ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းများ၏ ပင်ကိုအရည်အချင်းများ ထုတ်ဖော်ခွင့်ရရှိစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်သည့်ရလဒ်များ ပေါ်ထွက်လာပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ ပို့ချချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပြီး မိမိတို့၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ခြင်းဖြင့် မိမိမြို့နယ်အတွင်းရှိ ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် အခြေခံပညာကဏ္ဍ ပညာရေးပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်အိတ် ၃၀၀ နှင့် ဆီပိဿာ ၁၆၅၀ တို့ကို ပညာ ရေး စီမံအုပ်ချုပ်မှုသင်တန်းအတွက် ထောက်ပံ့ပေးအပ်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားနှစ်ဦးက လက်ခံရယူသည်။

သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်ပညာရေးမှူး ၃၀၃ ဦး တက်ရောက်ကြပြီး ဩဂုတ် ၁၆ ရက်မှ နို၀င်ဘာ ၁၅ ရက်အထိ သုံးလကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

အမှာစကားပြောကြား

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်အိတ် ၁၀၀ နှင့် ဆီပိဿာ ၅၅၀ ကို အဆိုပါကျောင်း၌ ဖွင့်လှစ်သည့် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအတွက် ထောက်ပံ့ပေးအပ်သည်။

စီမံအုပ်ချုပ်မှုသင်တန်းသို့ အောက်မြန်မာပြည်မှ အထက်တန်းကျောင်းအုပ် သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ကြသည်။

သုတေသနလုပ်ငန်းများ ဆောင်ရွက်နေ

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနနှင့် သတ္တဗေဒဌာနစာသင်ခန်းများ၊ သိပ္ပံလက်တွေ့ခန်းများနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကိုကြည့်ရှုပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်