Skip to main content

စိုက်ပျိုးရေးလုပ်ငန်းများမှ စားသောက်ကုန်သစ်များ ထုတ်လုပ်နိုင်ရေး နည်းပညာများဖြန့်ဝေပေး

နေပြည်တော် ဩဂုတ် ၁၆

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၀) ဖြင့်ဆောင်ရွက်သော MSME စားသောက်ကုန်ထုတ်လုပ်ငန်းရှင်များထံ နည်းပညာများဖြန့်ဝေရေး အစီအစဉ်(၁) သင်တန်းများကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ဆက်လက်ပို့ချဆောင်ရွက်သည်။

ထုတ်ကုန်သစ်များ ထုတ်လုပ်နိုင်

ပြည်တွင်း MSME များက အာဆီယံထုတ်ကုန်များအတိုင်း ထုတ်လုပ်နိုင်စေရန်နှင့် နိုင်ငံတကာ အဆင့်မီနည်းပညာများအသုံးချ၍ အရည်အသွေးမြင့်မားပြီး စံချိန်စံညွှန်းပြည့်မီသော ထုတ်ကုန်သစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မဲခေါင်-လန်ချန်း နိုင်ငံအချင်းချင်း နည်းပညာဖလှယ်၍ ရရှိထားသော စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသစ် ခြောက်မျိုးကို အထက်မြန်မာပြည် ရှိ MSME လုပ်ငန်းရှင် ၁၀၀ ထံ ပြန်လည်ဖြန့်ဝေပေးသည်။

နည်းပညာများ အသုံးချရန်

အစီအစဉ် (၁) ပြီးမြောက်ခြင်း အခမ်းအနားကို ညနေပိုင်းတွင်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အမှာစကားပြောကြားရာတွင် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးကို အောင်မြင်အောင် ဆောင် ရွက်ရန် နိုင်ငံတော်ရှိ ပေါကြွယ်ဝလျက်ရှိသည့် ရေ၊ မြေ ရင်းမြစ်များမှ စိုက်ပျိုးရေးလုပ်ငန်း ထွက်ကုန်များကို အကျိုးရှိစွာ ထုတ်ယူ၍ ပြည်တွင်းလိုအပ်သည့် စားသောက်ကုန်များ ထုတ်လုပ်ရုံမျှမက နိုင်ငံတကာစျေးကွက် ၌ ထိုးဖောက်နေရာယူနိုင်သည်အထိ တန်ဖိုးမြှင့် Quality Product များ ဖြစ်ရေးအတွက် စံနှုန်းများနှင့်အညီ Market Competency ရှိစွာ ပို့ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးမှသည် နိုင်ငံ့စီးပွားမြှင့်တင်ရာတွင် အထောက်အကူပြုနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန်၊ ယင်းသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းများမှ သမားရိုးကျ ထုတ်ကုန်များသာမက ထုတ်ကုန်သစ်များကိုပါ ဆန်းသစ်သည့် နည်းပညာများကို အသုံးချထုတ်လုပ်နိုင်ရန်အတွက် ယခု ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ သင်ယူခဲ့သည့် နည်းပညာသစ်များကို နေရပ်ပြန်ရောက်သည့်အခါ ဆင့်ပွားဖြန့်ဝေပေးကြရန်၊ရင်းနှီးမျှဝေခဲ့မှုများကို အခြေခံ၍ လုပ်ငန်းရှင်များ ကွန်ရက်သဖွယ်ချိတ်ဆက်ကာလုပ်ငန်းများ အစဉ်အမြဲတိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ MSME များ မှ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး လိုအပ်သည့် သုတေသနနှင့် နည်းပညာများကို ဆက်လက်ပံ့ပိုး ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လက်မှတ်များပေးအပ်

ယင်းနောက် သင်ယူပြီးမြောက် ခြင်းလက်မှတ်များကို MSME လုပ်ငန်းရှင်များထံ ဒုတိယဝန်ကြီးနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့ကပေးအပ်ကြပြီး ပျဉ်းမနားမြို့နယ်နှင့် မကွေးမြို့ တို့မှ စားသောက်ကုန်လုပ်ငန်း ရှင်များက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်