Skip to main content

သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၁၅

သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတ္ထုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ၊ MSME သတ္တုလုပ်ငန်းရှင်များ၊ သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့သို့ သွားရောက်၍ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ တင်ပြချက် (၂၃၀)နှင့် ပတ်သက်၍ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ စုပေါင်းအင်အားနှင့် ပူးပေါင်းပံ့ပိုး ဖြေရှင်းပေးလျက်ရှိကြောင်း၊ ယခုညှိနှိုင်းဆွေးနွေးပွဲသည် ခရီးစဉ်အတွင်း၌ ပဲခူးတိုင်းဒေသကြီးရှိ MSME လုပ်ငန်းရှင်များ တင်ပြခဲ့သည့် လိုအပ်ချက်များနှင့် ပတ်သက်ပြီး ပူးပေါင်းပံ့ပိုးပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သပြုကျေးရွာရှိ MSME သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များမှ တင်ပြတောင်းဆိုထားသော ဘီယာစွန့်ပစ်ပစ္စည်းများ၊ ကားနံပါတ်စွန့်ပစ်သတ္တုပြားများ၊ သတ္တုတွင်စာ၊ သတ္တုချော်ချီးနှင့် အခြားစွန့်ပစ်သံ/ ဒန်သတ္တုများစသည့် ကုန်ကြမ်းပစ္စည်းများကို ပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ကွန်ရက်ချိတ်ဆက်၍ ပူးပေါင်းဆွေးနွေး အဖြေရှာနိုင်ကြရန် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကြီးများမှ ထွက်ရှိသည့် Metal Waste များကို MSME လုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်ဖြစ်သည့်အတွက် Metal Waste ထွက်သည့် သက်ဆိုင်ရာ လုပ်ငန်း/ဌာနများအနေဖြင့် အသေးစိတ်ဆွေးနွေးပေးကြစေလိုကြောင်း။ စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် Reduce, Reuse, Recycle & Recover ဆိုသည့် 4R Principle နှင့်အညီ ထုတ်ကုန်ပစ္စည်းအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အသုံးမဝင်၍ ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်းများကို Recycle ပြုလုပ်ပြီး ကုန်ကြမ်းအဖြစ် ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း၌ Reuse ပြန်လည်အသုံးပြုခြင်းအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်သလို သဘာဝစွမ်းအင်များကိုလည်း ချွေတာရာရောက်ပါကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်အတူ နိုင်ငံအတွက်အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကဝမြို့နယ်၊ သပြုကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်သုံး စက်ပစ္စည်းများ၊ အသံချဲ့ စက်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ရေယာဉ်ပန်ကာ၊ အပ်ချုပ်စက်နှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိကြောင်း၊ သံ၊ သံသတ္တု သံရည်ကျိုပုံလောင်း လုပ်ငန်းများအတွက် လိုအပ်သော စမ်းသပ်ပစ္စည်းကုန်ကြမ်းများ ရရှိရေးအတွက် MSME အေဂျင်စီမှ ဆက်စပ်ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ ဒါန်သတ္တုကုန်ကြမ်း ပံ့ပိုးပေးနိုင်မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)