Skip to main content

ဆေးဖက်ဝင်သော ငရံ့ပတူရွက်

ယခုကဲ့သို့ မိုးရာသီကာလတွင် အလေ့ကျပေါက်ပင်တစ်မျိုးဖြစ်သော ငရံ့ပတူရွက်များကို ဈေးများထဲတွင် ရောင်းချနေသည်ကို တွေ့ရပါသည်။ ပြည်အနီးတဝိုက် ဒေသများမှ ထွက်ရှိပြီး ဈေးများတွင် လာရောက်ရောင်းချကြကာ တစ်စည်းလျှင် (၃၀၀)ကျပ်နှင့် (၂) စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချမှုရှိကြောင်း သိရပါသည်။ ငရံ့ပတူရွက်သည် ကျန်းမာရေးအတွက် စားသုံးပေးသင့်သော ရာသီစာအရွက်တစ်မျိုးဖြစ်ပါသည်။ ငရံ့ပတူပင်၏ ပင်စည်နှင့် အမြစ်သည်လည်း ဆေးဖက်ဝင်သည့် အပြင် အပင်၏ အရွက်ကိုပြုတ်၍ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲ၊ ပုစွန်ခြောက်များနှင့်ရော၍ သုတ်စားလေ့ရှိကြပြီး ဗီတာမင်ဓာတ်များစွာပါဝင်ကာ အမျှင်ဓာတ်၊ ဇင့်ဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမိုင်နိုအက်ဆစ်၊ ကောပါး၊ ပိုတက်ဆီယမ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ် စသည့်အာဟာရဓာတ် များစွာပါဝင် နေသောကြောင့် အမှန်တကယ် စားသုံးပေးသင့်သော အရွက်တစ်မျိုးဖြစ်ပါသည်။ ထို့ပြင် အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာများအပြင် ရောင်ရမ်းမှုကို သက်သာစေခြင်း၊ အသည်းတွင်ရှိသော အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ ကင်ဆာရောဂါဝေဒနာ ခံစားနေရသူများသည် ငရံ့ပတူရွက်ကို စားသုံးပေးခြင်းဖြင့် ရောဂါသက်သာစေသည်ဟုလည်း လေ့လာသိရှိရပါသည်။ အဝလွန်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည့်အတွက် ကျန်းမာရေးအတွက် အထောက်အကူပြုစေသော ငရံ့ပတူရွက်များကို စိုက်ပျိုး၍ စားသုံးပေးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ပါသည်။

DOCA(ပဲခူး)