ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင်‘ဝဥ’ပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြသည်ကို တွေ့ရပါသည်။ ပဲခူးရိုးမတောင်ပေါ်တွင် တွေ့ရှိရသော ‘ဝဥ’ အနီမျိုးများကို အိမ်စားသုံးရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ‘ဝဥ’ပင်များတွင် အရိုင်းနှင့် အယဉ်ဟူ၍ နှစ်မျိုးရှိကြောင်း သိရပါသည်။ ‘ဝဥ’ အရိုင်းများကို စားသုံးရန်မသင့်ဘဲ ‘ဝဥ’အယဉ်များကိုသာ စားသုံးကြရပါသည်။
‘ဝဥ’ကို မိုးဦးကျကာလ ဧပြီလကုန်၊ မေလတွင် စိုက်ပျိုးကြရပါသည်။ စတင်စိုက်ပျိုးချိန်၌ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသည့် ဥအား စိုက်ပျိုးထားလျှင် တစ်နှစ်သားခန့်ရှိသည့် အပင်၏ ဥသည် အလေးချိန် တစ်ပိဿာခန့်ရှိပါသည်။ နိုဝင်ဘာလကုန်တွင် အပင်များ ကျသွားပါသည်။ ဝဥပင်ခြောက်၍ ကျသွားပြီး ၄၅ ရက်ခန့်ရှိလျှင် ဝဥများကို တူးဖော်ရရှိနိုင်ပါသည်။
‘ဝဥ’များကို နူးအိလာသည်အထိ ပြုတ်ပြီးဆုံဖြင့် စီးပိုင်လာအောင်ထောင်း၍ သုပ်စားကြ ပါသည်။ ‘ဝဥ’များ တူးဖော်ချိန်တွင် ကျေးရွာများသို့ ‘ဝဥ’ဝယ်သည့် ပွဲစားများ ဆင်းဝယ်သည်လည်း ရှိပါသည်။ ကျေးရွာများတွင် တပိုင်တနိုင်စိုက်ပျိုးခြင်းသာရှိပြီး စီးပွားဖြစ် စိုက်ပျိုးထားခြင်းမရှိသဖြင့် ‘ဝဥ’များကို ပဲခူးရိုးမ တောင်ပေါ်တက်၍ ရှာဖွေတူးယူကြပါသည်။
ပဲခူးရိုးမတောင်ပေါ်မှ ရှာဖွေတူးယူရရှိလာသော ‘ဝဥ’များကို ဥအတိုင်း ကုန်ကြမ်းအနေဖြင့် ရောင်းချကြပါသည်။ ‘ဝဥ’ကုန်ကြမ်း တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရောင်းချ ရပါသည်။ ‘ဝဥ’ အခြောက်ခံထားသည့် ကုန်ချောအဖြစ်ရောင်းချလျှင် ဈေးကောင်းရပါသည်။ ကုန်ချောအဖြစ် ရောင်းချမှုမှာ နည်းပါးပါသည်။
ပြည်ပပို့ကုန်ဈေးကွက်ရှိနေသော ‘ဝဥ’များကို မျိုးကောင်းမျိုးသန့်၊ အရင်းအနှီး၊ နည်းပညာ စသည့် ကူညီပံ့ပိုးမှုများရှိလာပါက စီးပွားဖြစ်စိုက်ပျိုးလိုကြောင်း ခပေါင်းတိန်ကျေးရွာရှိ ‘ဝဥ’ တစ်ပိုင် တစ်နိုင်စိုက်ပျိုးထားသော တောင်သူကြီး၏ ပြောကြားချက်အရ သိရပါသည်။
DOCA (ပဲခူး)