Skip to main content

ပြည်မန်ကျည်းဈေးကွက်တွင် အရောင်းအဝယ်ဖြစ်

မန်ကျည်းပင်ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် အများဆုံးစိုက်ပျိုးကြပါသည်။ လယ်ကွင်းများ၊ ဥယျာဉ်ခြံများ၊ ကျွဲ၊ နွားစားကျက်များ၌ မန်ကျည်းပင်ပေါက်စများကို အနှံအပြားတွေ့မြင်ရပြီး အပင် ပေါက်လွယ်သည့် သစ်ပင်မျိုးဖြစ်ကြောင်းသိရပါသည်။ မန်ကျည်းပင်ကို မြေညီပိုင်းတွင် နေရာတိုင်း၌ စိုက်ပျိုးနိုင်ပါသည်။

မြန်မာနိုင်ငံတွင်တွေ့ရသော မန်ကျည်းပင်များမှာ မန်ကျည်းပေါက်ပင်၊ တောမန်ကျည်းပင်၊ တောင်မန်ကျည်းပင်နှင့် ဆေးမန်ကျည်းပင်များဖြစ်ကြပါသည်။ မန်ကျည်းပေါက်ပင်များကို မင်းဘူးနယ်နှင့် မုတ္တမနယ်တို့၌ တွေ့ရသည်။ တောမန်ကျည်းပင်များကို မိုးကုတ်နယ်၌ တွေ့ရပါသည်။ ဆေးမန်ကျည်းပင်အား ခြုံပင် (သို့မဟုတ်) အပင်ငယ်များဖြစ်၍ မြန်မာနိုင်ငံအနှံအပြား၌ တွေ့ရပါသည်။

မန်ကျည်းသီးတွင် အသုံးပြုနိုင်သော အစိတ်အပိုင်းများမှာ အခေါက်၊ အရွက်၊ အသီးနှင့်အစေ့ တို့ဖြစ်ကြသည်။ မန်ကျည်းသီး၏ ဆေးဖက်ဝင်ပုံမှာ မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး အားဆေးနှင့် ခံတွင်းကောင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြသည်။ မန်ကျည်းသီးမှည့်ကို ထန်းလျက်၊ ဆားတို့နှင့် ဖျော်ရည်စိမ်၍ သောက်သော် ကိုယ်တွင်းအေး၏၊ အားကိုဖြစ်စေသည်။

မန်ကျည်းသီးကို ဟင်းထဲထည့်၍ ချက်ကြသလို ဖျော်ရည်ချဉ်ချဉ်လေးအဖြစ်လည်း သုံးကြပါသည်။ မန်ကျည်းသီးသည် အစာခြေစနစ်ကို ကောင်းမွန်စေပြီး နာမည်ကြီးတဲ့ အသီးတစ်မျိုးဖြစ်ပါသည်။ မန်ကျည်းသီးမှာ အမျှင်ဓါတ် များပါဝင်တာကြောင့် နည်းနည်းလောက် စားသုံးမယ်ဆိုရင်တောင် အူလမ်းကြောင်း တစ်လျှောက်မှာ ရှိတဲ့ကြွက်သားတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတက်စေပါသည်။ မန်ကျည်းသီးတွင် ဗီတာမင်စီနှင့်အေတွေ ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကင်းစေပါတယ်၊ အပူကြောင့် ဝက်ခြံပေါက်တာကိုလည်း ပျောက်ကင်းစေပါသည်။

မန်ကျည်းသီးမှည့်သည် ဘက်စုံအသုံးဝင်၍ ဈေးကွက်ရှိသဖြင့် ယခုအချိန်တွင် ဈေးကွက်အတွင်း ၌ မန်ကျည်းသီးအစေ့ပါ တစ်ပိသာလျှင် (၃၅၀၀-၄၀၀၀)ဈေးဖြင့် ရောင်းချလျက်ရှိပြီး ပြည်မြို့မှတစ်ဆင့် ရန်ကုန်၊ ရခိုင်နှင့် ဧရာဝတီတိုင်းများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(ပဲခူး)