Skip to main content

မြင်းခြံခရိုင်၏ နွေနှမ်းစိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

မြင်းခြံခရိုင်သည် အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်၊ တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်နှင့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းဒေသကြီး၊ မြောင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

မြင်းခြံခရိုင်သည် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေနှမ်းစိုက်ပျိုးထားရှိမှု (၁၄၉၄) ဧကရှိပြီး လက်ရှိ ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၁၀၀၀) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ (၁၂.၈၆) တင်းနှုန်းခန့်ဖြင့် တင်းပေါင်း (၁၂၈၆၃)တင်း ထွက်ရှိပြီဖြစ်ပါသည်။ ကျန်ရှိသောစိုက်ဧကများကိုလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိပါသည်။ ယခင်နှစ် စိုက်ပျိုးထားရှိမှုမှာ လျာထားဧက (၁၄၀၈) ဧကဖြစ်ပြီး စိုက်ပျိုးမှုမှာလည်း လျာထားချက်အတိုင်းစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက် နှုန်းမှာ (၁၂.၉၆) တင်းနှုန်းဖြင့် တင်းပေါင်း (၁၈၂၄၇)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ် နွေနှမ်းစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် (၈၆)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးမှုအနေဖြင့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်စိုက်ပျိုးကြကြောင်းနှင့် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လဆန်းပိုင်းအထိ ရိတ်သိမ်းထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။ နွေနှမ်းမှာ နှမ်းစိုက်ချိန်ကာလသုံးပါးတွင် ရေရာသေချာ၍ အထွက်နှုန်းကောင်းပြီး နွေနှမ်းအား ရေသွင်းနှမ်းဟူ၍လည်းကောင်း၊ မိုးကြိုနှမ်းဟူ၍လည်းကောင်း ဒေသတွင်းခေါ်ဆိုကြကြောင်း သိရှိရပါသည်။

 

ယခုနှစ် မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် လျာထားဧက (၁၀၆၀) ဧက၊ စိုက်ပျိုးဧကမှာလည်း (၁၀၆၀)ဧကဖြစ်ပြီး ရိတ်သိမ်းပြီးစီးမှုမှာ (၁၀၀၀) ဧကရိတ်သိမ်းပြီး ဖြစ်ပါသည်။ တောင်သာမြို့နယ်တွင် လျာထားဧက (၂၈၄) ဧက၊ စိုက်ပျိုးဧကမှာလည်း (၂၈၄) ဧက၊ နွားထိုးကြီးမြို့နယ်တွင် လျာထားဧက (၁၅၀) ဧက၊ စိုက်ပျိုးမှုမှာလည်း (၁၅၀) ဧကတို့ဖြစ်ပြီး ရိတ်သိမ်းမှုမရှိသေးကြောင်း သိရှိရပါသည်။ ယခင်နှစ်မြင်းခြံမြို့နယ်၏ ကာလတူနွေနှမ်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်မှ (၄၅၀၀) ကျပ်နှုန်းများရှိခဲ့ပြီး ယခုနှစ်ကာလတူတွင် တစ်ပိဿာလျှင် (၇၄၀၀၊ ၇၅၀၀) ကျပ် ဝန်းကျင်ခန့်ဖြင့် မြင်းခြံကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)