နေပြည်တော် ဩဂုတ် ၁၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူအများပြည်သူတို့ လာရောက်ဖူးမြော်နိုင်ရန်ဖွင့်လှစ်ထားရှိရာ သတ္တမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၃ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
အနယ်နယ်အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအားကောင်းစွာ လှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်ကြည်နူးစွာ လေ့လာနေမှုများကို မြင်တွေ့ရသည်။ ထို့ကြောင့် လာရောက်ဖူးမြော်သူများ၏ ပီတိစကားသံ များကို စုစည်းဖော်ပြလိုက်ပါသည်။
ဉူးတိဿ
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်
မြန်မာနိုင်ငံမှာ စကျင်ကျောက်တွေထွက်တယ်၊ ဒါပေမယ့် စကျင်ကျောက်နဲ့ပတ်သက်ပြီး ပြယုဂ်မရှိဘူး၊ ကမ္ဘာကိုချပြစရာ နေရာမရှိပါဘူး။ ယခုအခါ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဘုရားကြီးတည်ပြီး စကျင်ကျောက်တွေနဲ့ ပရိဝုဏ်ကြီးတစ်ခုလုံး ပြုလုပ်ထားတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကိုချပြလို့ရတဲ့ ပြယုဂ်တစ်ခုဖြစ်လာပါတယ်။ နိုင်ငံတကာကိုလည်းချပြလို့ရသလို မြန်မာ့ဂုဏ်ကိုလည်းဆောင်ပါတယ်။ များသောအားဖြင့် ကျောက်စိမ်းစေတီ၊ ရွှေနဲ့ပတ်သက်တဲ့ဘုရားတွေ၊ ကြေးနဲ့ပတ်သက်တဲ့ဘုရားတွေ အများကြီးရှိပါတယ်။ စကျင်ကျောက်နဲ့ မာရဝိဇယဘုရားကြီး တည်ထားလိုက်တဲ့အတွက် ကမ္ဘာကလည်း မြန်မာနိုင်ငံမှာ စကျင်ကျောက်တွေ ထွက်ရှိပါလားဆိုတာ သိလာကြတယ်။ နိုင်ငံအတွက် အင်မတန်မှ ဂုဏ်ရှိပါတယ်။
ဒါ့အပြင်ဘုရားကြီးမှာ မြန်မာ့ယဉ်ကျေးမှုတွေ ပြည့်ပြည့်စုံစုံ တွေ့ရပါတယ်။ ဘုရားနဲ့ပတ်သက်တဲ့ ဗုဒ္ဓဝင်တွေ၊ ကနုတ်တွေက မြန်မာ့ယဉ်ကျေးမှုစစ်စစ်တွေ တွေ့ရပါတယ်။ သာသနာတည်ရှိနေသရွေ့၊ မြန်မာနိုင်ငံ တည်ရှိနေသရွေ့ တည်ရှိနေဦးမှာပါ။ နှစ်တွေဘယ်လောက် ပြောင်းလဲပြောင်းလဲ ဘုရားကြီးကတော့ တည်ရှိနေမှာပါ။ ဗုဒ္ဓဘာသာအတွက် သမိုင်းအစဉ်အဆက်ကောင်းနေဦးမှာပါ။
ကျောက်စာတိုက်နဲ့ ပတ်သက်ပြီး အလွန်ကောင်းပါတယ်။ ကိုယ့်နိုင်ငံက ထေရဝါဒနိုင်ငံဖြစ်တဲ့အတွက် ပါဠိစကားလုံးကို တော်တော်များများ ပြည်သူတွေက ရင်းနှီးကြတယ်။ တော်တော်များများ ဖတ်တတ်ကြတယ်။ နောက်တစ်ခုကအပေါ်မှာ မြန်မာစာပါ ပြန်ပေးထားတဲ့အတွက် အားလုံးဖတ်လို့ရပါတယ်။ နိုင်ငံတကာက ပါဠိကျွမ်းကျင်တဲ့ ဆရာတော်တွေ ကြွလာတဲ့အခါလည်း ဖတ်လို့ရပါတယ်။ အဲဒီတော့ ဒီကျောက်စာတိုက်နဲ့ ပတ်သက်ပြီး ပြည့်စုံလွန်းပါတယ်လို့ ပြောချင်ပါတယ်။
ဘုရားကြီးကို သုံးနှစ်လောက်ဆိုတဲ့ အချိန်တိုအတွင်းမှာ ပြီးစီးအောင် တည်ထားနိုင်တာကလည်း ဂုဏ်ယူစရာပါ။ မာရဝိဇယဘုရားကြီးကို ပြည်သူတွေအနေနဲ့ လာရောက်ဖူးမြော်စေချင်ပါတယ်။ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြားဘာသာဝင်တွေအနေနဲ့လည်း လာရောက်လေ့လာစေ ချင်ပါတယ်။ ဘာသာသာသနာအတွက် အများကြီးသမိုင်းဝင်သွားပါပြီ။
ဉူးကောသလ္လ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်
မာရဝိဇယဘုရားကြီးရဲ့ ပရိဝုဏ်ထဲရောက်ကတည်းက စိတ်ကြည်နူးမှုက အရင်ဆုံးဖြစ်ခဲ့ပါတယ်။ ကိုယ့်ဒေသကနေ တကူးတက ယူလာခဲ့တဲ့ စကားဖြူပန်းလေးတွေကို သေသေချာချာလေး ကပ်လှူပြီးတော့ ဂုဏ်တော်တွေမှန်းပြီး လှူဒါန်းလိုက်ရတဲ့ ဒါနစွမ်းအားဟာလည်း ကြည်နူးမှုတွေထဲက တစ်ခုပါ။ အများပြည်သူတွေ ထောင်ချီ၊ သောင်းချီပြီး ဖူးမြော်နေတာမြင်တွေ့ရတော့ အားပါးတရ ဝမ်းပန်းတသာ မုဒိတာပွား သာဓုခေါ်မိပါတယ်။ မလာနိုင်၊ မဖူးနိုင်သေးတဲ့ ပြည်သူတွေကိုလည်း လာရောက်ဖူးမြော်စေချင်ပါတယ်။ ကိုယ်ကြည်နူးရတဲ့ပီတိလို ပြည့်ပြည့် ဝဝရစေချင်တယ်။ တစ်ဆင့်စကားနဲ့ကြားရတဲ့ပီတီနဲ့ ကိုယ်တိုင်ဖူးမြော် ခွင့်ရတဲ့ပီတိတွေက မတူနိုင်ပါဘူး။
အရာဝတ္ထုတစ်ခုတိုင်းဟာ ကာလအပိုင်းအခြားတစ်ခု ရောက်သွားရင် ပျက်စီးတတ်တာများပါတယ်။ အဲဒီထဲမှာမှ စာအုပ်စာပေတွေ၊ ပိဋကတ်သုံးပုံတွေ စီမံထားတာအများကြီးရှိပါတယ်။ ကျောက်စာတိုက်ဆိုတာ ပကတိသောပစ္စည်းဥစ္စာတွေနဲ့စာရင် နှစ်ပေါင်းမြောက်မြားစွာ တည်ရှိနိုင်တဲ့အတွက်ကြောင့် ကျောက်စာတိုက်ကို ပူဇော်ခြင်း၊ ရေးထိုး ခြင်းဟာ အင်မတန်မှလုပ်နိုင်ခဲတဲ့ အလုပ်တစ်ခု၊ နောက်တစ်ချက်က အရှည်သဖြင့်ကို ရည်မျှော်မှန်းထားပြီး ဆောင်ရွက်ထားတဲ့ အမြော်အမြင်တစ်ခုလို့ တွေးမိပါတယ်။ ကျောက်စာကြီးတစ်ခု တည်ထောင်နိုင်ဖို့ မလွယ်ကူသလို တည်တံ့ဖို့အတွက်လည်း ကျန်ရှိတဲ့အရာဝတ္ထုတွေထက် ခိုင်ခိုင်မာမာတည်ရှိတဲ့အတွက် ကျောက်စာတိုက်တွေ ပူဇော်ထားရှိခြင်းဟာလည်း အမြော်အမြင်ကြီးမားခြင်းတစ်ခုလို့ ခံယူမိပါတယ်။ ဘုရားကြီးကိုဖူးမြော်ရင်းနဲ့ တရားတော်တွေ၊ ဇာတ်တော်ကြီးတွေကိုလည်း တစ်ခါတည်း ဖူးမြော်နိုင်အောင် နေရာစနစ်တကျစီမံထားတာ ဖြစ်ပါတယ်။ ပြည့်ပြည့်စုံစုံပူဇော်နိုင်အောင် တည်ထားပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်။
ဦးသန်းညွန့်၊ တပ်ကုန်းမြို့နယ်
ကျွန်တော်က အသက် ၈၂ နှစ် ရှိပါပြီ။ မာရဝိဇယဘုရားကြီးကို ဖူးမြော်ဖို့အတွက် ဩဂုတ် ၂ ရက်က တစ်ကြိမ်လာပါတယ်။ အဲဒီနေ့ ကတော့ ဖူးမြော်ခွင့်မရခဲ့ပါဘူး။ ဒီနေ့တော့ ဖူးမြော်ရတာ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ သတင်းတွေမှာ တွေ့ရှိကတည်းက ဖူးမြော်လိုစိတ်တွေ ပြင်းပြခဲ့ပါတယ်။ မာရဝိဇယဘုရားကြီးတည်ထားတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး ကလည်း အံ့ဖွယ်မာရဝိဇယ ဘုရားကြီးကိုလာရောက်ဖူးမြော်ကြတဲ့ ပြည်သူပေါင်းသောင်းချီပြီး ရှိပါမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာရှိကြတဲ့ ပြည်သူတွေလည်း လာရောက် ဖူးမြော်ကြည်ညိုကြပါလို့ မေတ္တာစကားပါးချင်ပါတယ်။
ဒေါ်စောနု၊ ရမည်းသင်းမြို့နယ်
ကျွန်မ အသက်က ၇၁ နှစ်ရှိပါပြီ။ ရွာမှာဆိုတော့ ရေဒီယိုအမြဲ နားထောင်ပါတယ်။ ရေဒီယိုထဲမှာကြားဖူးနေတော့ အပြင်မှာ ဖူးမြော်ချင်တဲ့ဆန္ဒတွေက တားလို့မရတာနဲ့ မာရဝိဇယဘုရားကြီးကို သားသမီးတွေမအားတဲ့အတွက် တစ်ယောက်တည်း လာရောက်ဖူးမြော်တာပါ။ သားသမီးတွေနဲ့ နောက်တစ်ကြိမ် လာရောက်ဖူးမြော်ဦးမှာပါ။ ကြည်ညိုသဒ္ဓါပွားရ၊ စိတ်ချမ်းသာရ၊ ပီတိဖြစ်ရနဲ့ ဘုရားကြီးတည်ထားပေးတဲ့ ဘုရားတကာအပေါင်းတို့လည်း ဘေးဘယာတွေကင်းဝေးပြီး ကျန်းမာချမ်းသာပါစေ။ ပြည်သူတွေလည်း ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။
ဦးထွန်းဖြူ၊ ရမ်းဗြဲမြို့နယ်
ကျွန်တော်က ရခိုင်တိုင်းရင်းသားတစ်ဦးပါ။ နေပြည်တော်ကို အလည်လာရင်းနဲ့ ဖူးခွင့်ကြုံတော့ မာရဝိဇယဘုရားကြီးကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ဒီလောက်ကြီး ကျယ်ခမ်းနားတဲ့ ဘုရားပရိဝုဏ်ကြီးထဲမှာ သပ္ပာယ်ကြည်ညိုစရာ အလွန်ကောင်းတဲ့ မာရဝိဇယဘုရားကြီးကို ဖူးမြော်ရတာ စိတ်ချမ်းသာမှုအပြည့်ဖြစ်ပေါ်မိပါတယ်။ ကျွန်တော့် ဇာတိမြေရောက်တဲ့အခါ ဘုရားကြီးကို သွားရောက်ဖူးမြော်ကြဖို့ သတင်းစကားတွေ ဖြန့်ဝေပေးချင်တဲ့စိတ်တွေက ကိန်းအောင်းနေပါတယ်။
နိုင်ငံတော်အကြီးအကဲများနဲ့ ရဟန်းရှင်လူပြည်သူများ ကျန်းမာချမ်းသာကြပါစေလို့ ဘုရားကြီးမှာ မေတ္တာပို့ဆုတောင်းပေးပါတယ်။
ကိုဆန်းထူး၊ ပျဉ်းမနားမြို့
မိသားစုလိုက် မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အင်မတန်ကြည်ညိုဖွယ် ကောင်းတယ်လို့ မြင်မိပါတယ်။ ဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေကို ထွင်းထုထားတဲ့ ကျောက်စာတိုက်တွေကိုလည်း ဖူးမြော်လေ့လာခဲ့ပါတယ်။ ပညာရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ တရားတော်တွေဆိုတာ စာလေးတစ်လုံးမှ အမှားမခံပါဘူး။ မှားလိုက်တာနဲ့ အဓိပ္ပာယ်တွေပြောင်းသွားမယ်။ သမိုင်းမှာလည်း အမှတ်မှားကုန်နိုင်ပါတယ်။ အနုစိတ်ထွင်းထားတဲ့ တရားတော်တွေကိုလည်း ပြည်သူတွေအနေနဲ့ ဘုရားကြီးဖူးမြော်ရင်း မကျန်မလပ်အောင် ဝင်ရောက် ဖူးမြော်လေ့လာကြပါလို့ တိုက်တွန်းနှိုးဆော်ပါတယ်။
ကိုအောင်ပိုင်၊ သာစည်မြို့နယ်
ကျွန်တော်တို့ လူငယ်တွေစုပြီး မနက် ၅ နာရီကတည်းက မာရဝိဇယ ဘုရားကြီးဖူးမြော်ဖို့ ကားနဲ့ထွက်လာကြတာပါ။ ဆိုရှယ်မီဒီယာမှာ ဘုရားကြီးကို ဖူးရတဲ့အခါ အတွေးတစ်ခုဝင်လာပါတယ်။ ကိုယ်တိုင်သွားရောက်ဖူးမြော်ရရင် အလွန်ကြည်ညိုစရာ ကောင်းမယ်လို့ တွေးမိပါတယ်။ ဒါနဲ့သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးတော့ လာရောက် ဖူးမြော်ဖြစ်တာပါ။
ကျွန်တော်တို့လို နယ်ဝေးကလာရောက်ဖူးမြော်တဲ့ ပြည်သူတွေကို သက်သတ်လွတ်ဒံပေါက်ဘူးတွေ စတုဒိသာကျွေးပါတယ်။ ဘုရားကြီးရဲ့ပရိဝုဏ်ထဲမှာ ဘုရားကျောင်းကန် ဇရပ် ပြည့်ပြည့်စုံစုံအပြင် ကျောက် စာတိုက်တွေ၊ ဇာတ်နိပါတ်တော်တွေနဲ့ အများကြီးဗဟုသုတရပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ကတော့ အတိုင်းမသိဝမ်းသာကြည်နူးမိပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ အလှူရှင်တွေကိုလည်း ဘုရားကြီးတည်ထားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း လာရောက်ဖူးမြော် ကြည်ညိုကြပါလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
မောင်ကောင်းခန့်သွင်၊ Grade - 9 ၊ နေပြည်တော် အထက(၆)
ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြတာပါ။ ကျွန်တော်တို့လို ကျောင်းသားလူငယ်တွေအနေနဲ့ ဘုရားကြီးပရိဝုဏ်ထဲမှာ ထည့်သွင်းတည်ဆောက် ထားတဲ့ ကျောက်စာတိုက်တွေ၊ ဇာတ်တော်ကြီးတွေနဲ့ ဗောဓိညောင်ပင်ကိုလည်း ဖူးမြော်လေ့လာခဲ့ရပါတယ်။ ဘုရားကြီးပရိဝုဏ်အတွင်းမှာ စကျင်ကျောက်တွေအသုံးပြုပြီး တည်ဆောက်ထားတာက အံ့ဩမှင်တက်စေပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ ကျောင်းသင်ခန်းစာတွေအပြင် ဘာသာတရားကိုလည်း ကိုင်းရှိုင်းမယ်၊ လေ့လာလိုက်စားမယ်၊ ထိန်းသိမ်းမယ်ဆိုရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ ကမ္ဘာတည်သရွေ့ရှိနေမှာပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း စကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ နှိုးဆော်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း - ဟိန်းထက်ဇော် (မြန်မာ့အလင်း)
ဓာတ်ပုံ- အိမ့်ဘီလီယံမောင်