တွေ့ဆုံမေးမြန်း - အလင်းသစ်၊ သန်းတင်အောင်
ဓာတ်ပုံ - နေမျိုး
ကမ္ဘာပေါ်ရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အားဖြင့် အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူဖူးမြော် ကြည်ညိုခွင့်ရရန် ဖွင့်လှစ်ပေးခဲ့သော ခုနစ်ရက်မြောက်နေ့ဖြစ်သည့် ယနေ့(ဩဂုတ် ၁၄ ရက်)တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ယင်းသို့ မရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုရန် ရောက်ရှိလာကြသော ဘုရားဖူးလာ ရဟန်းရှင်လူများ၏ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ရခြင်းနှင့် ဝမ်းသာပီတိ စကားသံများကို တွေ့ဆုံမေးမြန်းကာ ပြန်လည် ဖော်ပြလိုက်ရပါသည်။
ဒေါက်တာ အရှင်အဂ္ဂဉာဏ
ရေတာရှည်မြို့နယ်
ဘုန်းကြီးက ရေတာရှည်မြို့နယ် အောင်သစ္စာစာသင်တိုက် ပဓာန နာယကဆရာတော်ပါ။ ဘုန်းဘုန်း တို့ မနက် ၆ နာရီလောက်က ကြွလာတာ။ ကျောင်းက စာသင်တိုက်ဆိုတော့ သံဃာတော်တွေ များတဲ့အတွက် ဒီနေ့တစ်ဖွဲ့၊ မနက် ဖြန်တစ်ဖွဲ့ ခွဲပို့မှာဖြစ်ပါတယ်။ စာသင်သားတွေက ၁၀၀ ဝန်းကျင် လောက်ရှိတယ်။ ကျောက်စာရုံ စေတီတွေမှာဆိုရင် ပိဋကတ်သုံးပုံတော်လာအဋ္ဌကထာဋီကာ ကျမ်းစာတွေကို ပါဠိအက္ခရာ၊ ရိုမန်ဘာသာတို့နဲ့ထွင်းထုထားတာတွေ လေ့လာဖြစ်တယ်။ ဘုန်းဘုန်းသိသလောက်ဆိုရင် ရိုမန်ဘာသာနဲ့ ထွင်းထုထားတော့ နိုင်ငံခြားသားတွေ သိတာပေါ့။ ရိုမန်အတိုင်း သူတို့နိုင်ငံနဲ့ကိုက်ညီတဲ့ definition သူတို့ကိုယ်တိုင် သူတို့ဖွင့်ရမှာပေါ့။ ဘယ်နိုင်ငံကလာလာ နားလည်လွယ်တယ်၊ သဘောပေါက်လွယ်တယ်။ ဘုန်းဘုန်းတို့ဆိုရင် ပါဠိစာပေကို ကိုယ့်ဘာသာ မြန်မာလိုပြန်လိုက်တော့ ပိုပြီးသိရတာပေါ့။ အဲဒီလိုပဲ ပါဠိစာပေကို မြန်မာလို ပြန်နိုင်တဲ့သူတွေဆို ပိုအဆင်ပြေမယ်ထင်တယ်။ ရိုမန်ဘာသာနဲ့ဆိုရင်လည်း ဘယ်နိုင်ငံကပဲလာလာ လေ့လာဖတ်ရှုခွင့်ရမယ်။ ဒီဘုရားဝင်းကြီးတစ်ခုလုံးကို စကျင်ကျောက် တွေနဲ့ တည်ဆောက်ထားတာ အင်မတန်မှကောင်းပါတယ်။ အဲဒီအတွက် ဝမ်းသာသလို ပီတိလည်းဖြစ်မိပါတယ်။ ဂန္ဓကုဋိတိုက်တွေမှာဆိုရင် စကျင်ကျောက်တွေကို ထွင်းထုထားတဲ့ ရုပ်ပုံတွေနဲ့ ပန်းချီကားချပ်တွေကို လှလှပပ သပ်သပ်ရပ်ရပ်နဲ့ရေးဆွဲထားတာတွေ တွေ့ရပါတယ်။
ဦးကြည်
ပျဉ်းမနားမြို့နယ်
အဘကတော့ ပျဉ်းမနားမြို့ စိုးလျှပ်စစ်ဖောင်ဒေးရှင်း အေးငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာက ဂေဟာမှူးပါ။ အဘတို့အနေနဲ့ကတော့ ဒီစကျင်ကျောက်တုံးကြီးကို ခဲရာခဲဆစ်အဆင့်ဆင့်သယ် လာတာတွေကို ရုပ်မြင်သံကြားနဲ့ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေမှာ ကြည့်ရှုရပါတယ်။ ဦးဆောင်သူတွေကိုလည်း အင်မတန်မှ လေးစာဖွယ်ကောင်းပါတယ်။ ဘုရားကြီးတည်တဲ့ အခါမှာလည်း ဖူးမြော်ကြည်ညိုရပါတယ်။ ဘုရားကြီးတည်ပြီးပြီဆိုတာနဲ့အဘတို့ စဉ်းစားတယ်။ အဘတို့ ဘိုးဘွားရိပ်သာမှာ အသက်အရွယ်ကြီးတဲ့အဘိုး အဘွားတွေ အတော်များတယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကိုတို့အဘိုး အဘွားတွေတော့ မသေခင်ဖူးရအောင် ငါတို့အတတ်နိုင်ဆုံး ရောက်အောင်ပို့ပေးမယ်ဆိုပြီး စိတ်အားထက်သန်စွာနဲ့ လာရောက်ပို့ပေးရခြင်းဖြစ်ပါတယ်။ အဘိုးအဘွားတွေကို ဘုရားကြီးကို ဖူးမြော်ခွင့်ရရေးအဘတို့အနေနဲ့ တစ်ပတ်လောက်ကြိုတင်ပြီး စီမံချက်တွေချရပါတယ်။ ပြီးတော့ အဘတို့ဆီက ကျန်းမာရေးဝန်ထမ်းတွေ၊ အကြီးအကဲတွေနဲ့ ညှိနှိုင်းပြီး ဒီနေ့လာရောက်ပို့ရခြင်းဖြစ်ပါတယ်။ အားလုံးချောချောမွေ့မွေ့ပါပဲ။ အခုတော့ ကျန်းမာရေးကောင်းမွန်တဲ့ အဘိုးအဘွား ၁၈ ယောက်ကို ဘုရားကြီးကို ဖူးမြော်နိုင်အောင်လာ ရောက်ပို့ဆောင်တာပါ။ ကျွန်တော် အနေနဲ့ဒီဘုရားကို လူတိုင်းလာရောက် ဖူးမြော်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရှေးမူမပျက် ထွင်းထုထားတဲ့ ကျောက်စာတွေရှိမယ်၊ ဗိသုကာလက်ရာတွေရှိမယ်၊ ဒီဘုရားကြီးရဲ့ ထုဆစ်ထားတဲ့ အချိုးအစားတွေကအစ လေ့လာစရာ၊ မှတ်သားစရာ၊ အတုယူစရာတွေ အများကြီးပါ။ ပြောရမယ်ဆိုရင် အဘတို့အနေနဲ့ အသက်လည်း ကြီးပြီ။ ဘုရားကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက်လည်း သေပျော်ပြီလို့ပဲ ပြောရမှာပေါ့။
ဒေါ်ပြော
တောင်ကြီး
အဘွားကတော့ တောင်ကြီးမြို့ ညောင်ဖြူ ရပ်ကွက်ကပါ။ တောင်ကြီးကနေ မနက် ၅ နာရီ လောက်က ထွက်လာတာ။ ဒီမှာရောက်တော့ ဘုရားဖူးရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ စိတ်ထဲမှာလည်း ကြည်နူးပီတိ ဖြစ်ရပါတယ်။ ဒီဘုရားကို ဖူးရတဲ့အတွက် ဦးဆောင်ဘုရားဒါယကာကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ရုပ်မြင်သံကြားမှာဖူးရတာ ထက်စာရင် ကိုယ်တိုင်ကိုယ်ကျ အပြင်မှာဖူးရတာဆိုတော့ အတော်လည်း ကြည်နူးဖို့ကောင်းတယ်၊ ဘုရားကြီးက အင်မတန်ကို သပ္ပာယ်လှပါတယ်။ ဖူးချင်နေတာတော့ ကြာနေပြီအဲဒါနဲ့မိသားစုတွေ၊ အိမ်နီးနားချင်းတွေစုပြီး လာရောက် ဖူးမြော်တာပါ။ ဒီနေ့မှပဲ ဖူးမြော်နိုင်တော့တယ်။
ဒေါ်အေးအေးသင်း
တောင်ညို
ကျွန်မက တောင်ညိုကနေ လာရောက်ဖူးမြော်တာပါ။ ကျွန်မတို့ လာဖူးတာ ခုနစ်ယောက်ပါ။ ရုပ်မြင် သံကြားနဲ့ သတင်းစာတွေမှာ တွေ့ပြီးကတည်းက ဖူးချင်နေတာပါ။ အဲဒါနဲ့ ထီးတင်တဲ့နေ့ကလည်း လာခဲ့ပါသေးတယ်။ အလုပ်က မအားတာနဲ့ အခုမှပဲ လာရောက် ဖူးမြော်တာပါ။ ကိုယ်တိုင်လာဖူး တော့ ပိုပြီးကြည်ညိုရတာပေါ့။ ဘုရားကြီးက အတော်လည်းသပ္ပာယ်ကြည်ညိုစရာ ကောင်းပါတယ်။ ပြီးတော့ ဂန္ဓကုဋိတိုက်တွေထဲမှာ ဗုဒ္ဓဝင်ဇာတ်တော်တွေကို ပန်းချီကားချပ်တွေရေးဆွဲပြီး သရုပ်ဖော်ထားတာတွေ့ရတယ်။ လေ့လာဖတ်ရှုလိုက်တော့ကိုယ် မသိတာတွေ အများကြီးတွေ့ရတယ်။ အဲဒီအတွက်လည်း ဗဟုသုတများစွာ ရပါတယ်။ ပြီးတော့ကိုယ့်ကလေးတွေကိုလည်း ပြန်ပြီးဆုံးမသွန်သင်လို့ ရတဲ့အတွက် ဘုရားကြီးတည်ဖို့ ဦးဆောင်ဦးရွက် ပြုခဲ့သူတွေကို ကျေးဇူးတင်သလို ဘုရားကြီးကို အခုလိုအနီးအနားမှာ ဖူးခွင့်ရလို့လည်း ဝမ်းလည်းသာရပါတယ်။
မဝင်းစန္ဒာလှိုင် မြောက်ဥက္ကလာပမြို့နယ်
ကျွန်မကတော့ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ကပါ။ ဘုရားကြီးကို ဖူးမြော်ချင်တာနဲ့ နေပြည်တော်က အစ်မတွေဆီမှာတည်းပြီး လာရောက်ဖူးမြော်တာပါ။ ဖူးချင်တာကတော့ ကြာပါပြီ။ အွန်လိုင်းနဲ့ ရုပ်မြင်သံကြားတွေမှာ တွေ့ကတည်းက လာရောက် ဖူးမြော်ချင်တာ။ တစ်ယောက်တည်း လာဖို့ဆိုတာလည်း မလွယ်ဘူးလေ။ အခုသူငယ်ချင်းတွေ၊ မိသားစုတွေ၊ အိမ်နီးချင်းတွေ ကားစုငှားပြီး လာဖူးတာပါ။ ဒီကိုရောက်တော့ ဘုရားကြီးကို အရင်ဆုံးဖူးတယ်။ ဂန္ဓကုဋိတိုက်တွေထဲမှာ ဗုဒ္ဓဝင် ဇာတ်တော်တွေနဲ့ ၂၄ ပစ္စည်းတွေကို စကျင်ကျောက်ပေါ်မှာ ထွင်းထုထားတာတွေတွေ့ရတယ်။ အဲဒါတွေကို လေ့လာဖတ်ရှုသင့်ပါတယ်။ အခုလက်ရှိလောကသားတွေအပြင် နောင်လာနောက်သားတွေအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ဗိသုကာ လက်ရာတွေပဲ ဖြစ်ပါတယ်။ ဒီဘုရား ဝင်းကြီးထဲမှာရှိသမျှ အရာအားလုံးဟာ ဗုဒ္ဓဘာသာဝင်အားလုံးအတွက် ဝမ်းသာစရာ၊ ကြည်နူးစရာ၊ ဂုဏ်ယူ စရာတွေချည်းပါပဲ။ အခုတော့ ဘုရားကြီးနဲ့ ဂန္ဓကုဋိတိုက်တွေကိုပဲ လေ့လာဖူးမြော်ရပါသေးတယ်။ အခြားနေရာတွေကို သွားပြီးလေ့ လာဦးမှာပါ။
မောင်ထွန်းနောင်ဟိန်း အ.ထ.က (၁) ဇေယျာသီရိမြို့နယ်
ဘုရားကြီးက အင်မတန်မှသပ္ပာယ်ပြီး ကြည်ညိုစရာကောင်းပါတယ်။ ဘုရားလာဖူးတဲ့သူ အတော်များများက မြန်မာဆန်ဆန်လေးတွေ ဝတ်စားဆင်ယင်လာ ကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေကို ဒီဘုရားကြီးကို လိုက်ပို့ပေးတဲ့ ဇေယျာသီရိ မြို့နယ် အထက (၁) က ဆရာ ဆရာမတွေကို အထူးပင်ကျေးဇူး တင်ပါတယ်။ အခုလိုလိုက်ပို့ပေးတဲ့အတွက် အမှတ်တရတွေရှိသလို ကျွန်တော်တို့ သူငယ်ချင်းတွေအတွက်လည်း အမှတ်တရတွေ အများကြီးပါ။ အခုလို ဘုရားကြီးကို လာရောက်ဖူးမြော် လို့ရတဲ့ အမှတ်တရတွေကိုတော့ လူ့ဘဝမှာ ရခဲလှပါတယ်။ ကျွန်တော်တို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးဆီ လာရောက်ဖူးမြော်တဲ့အချိန်မှာ အိန္ဒိယလူမျိုးတွေနဲ့ သီရိလင်္ကာ လူမျိုးတွေကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ဓာတ်ပုံတွဲရိုက်ကြ တယ်။ ကိုယ့်နိုင်ငံက ဘုရားကြီးကို အခြားနိုင်ငံတွေကနေ လာရောက် လေ့လာဖူးမြော်ကြတော့ အင်မတန် ပီတိဖြစ်ရပါတယ်။ ကျွန်တော်လို ကျောင်းသား တစ်ယောက်ရဲ့ အမြင်ကို ပြောရရင် အခုလို ကမ္ဘာပေါ်မှာ အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ဖို့ဆိုတာ လွယ်တဲ့အရာမဟုတ်ပါဘူး။ ဗုဒ္ဓဝင် ဇာတ်တော်တွေလည်း ဖတ်ရှုလေ့လာပြီးပါပြီ။ အဲဒါတွေကို လေ့လာကျင့်ကြံ နိုင်မယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။ အဲဒီလို ကျင့်ကြံနိုင်ဖို့ဆိုရင် အရင်ဆုံးသည်း ခံနိုင်ရမယ်။ ပြောချင်တာကတော့ လူတိုင်းလူတိုင်းမှာ ကိုယ်ချင်းစာ တရားထားနိုင်ဖို့ပဲ အရေးကြီးတယ် လို့မြင်ပါတယ်။