Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၄

မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက Myanmar Electronic Voting Machine (MEVM) စမ်းသပ် တည်ဆောက် ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက် (Control Unit)၊ ဆန္ဒပြုစက် (Ballot Unit)၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်းတည် ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံး ပြုထားသည့် စက်များနှင့် အသုံးပြု ရခြင်း ရည်ရွယ်ချက်များ၊ မဲပေးစက်မှမဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကိုထုပ်ပိုး သိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးအောင်လွင်ဦးက မြန်မာအီလက်ထရွန်နစ် မဲပေးစက်(MEVM) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ဖြည့်စွက်အကြံပြုဆွေးနွေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၈၆ ဦးတို့က မြန်မာအီလက်ထရွန်နစ် မဲပေးစက်အား လေ့လာကြည့်ရှုပြီး လက်တွေ့အသုံးပြု၍ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အရာထမ်း၊ အမှုထမ်း ၈၅ ဦး တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်