ဘီပီအိုင်ဟုဆိုလျှင် မြန်မာနိုင်ငံထုတ် အာနိသင်ထက်မြက်သော ဆေးဝါးများ၏ အမှတ်တံဆိပ်ဖြစ်သည်ဟူ၍ မြန်မာနိုင်ငံသားတိုင်း သိကြသည်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စသည့် ပတ်ဝန်းကျင် နိုင်ငံများမှ တင်သွင်းလာသည့် အလားတူ ဆေးဝါးများနှင့်ယှဉ်လျှင် ဘီပီအိုင်မှထုတ်သည့် ဆေးများက အာနိသင်ပိုမိုကောင်းမွန်သလို စျေးနှုန်းကလည်း ပိုမိုမြင့်မားနေတတ်သည်ကို စျေးကွက်တွင် တွေ့ရသည်။
မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို တစ်ခေတ်တစ်ခါက Burma Pharmaceutical Industry (BPI) ဟူ၍ ထင်ရှားကျော်ကြားခဲ့သည့်အလျောက် ၎င်းအမှတ်တံဆိပ်ကိုသာ ပြည်သူလူထုက ခေတ်အဆက်ဆက်စွဲခဲ့ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက်တွင် ပြည်တော်သာစီမံကိန်း၏ ကဏ္ဍတစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့သော ဘီပီအိုင်၏ သက်တမ်းမှာ လာမည့်နှစ်ဆိုလျှင် နှစ် ၇၀ တင်းတင်းပြည့်ပြီ ဖြစ်သည်။ အင်းစိန်(ကြို့ကုန်း)တွင် စတင်ခဲ့သော ဘီပီအိုင်ဆေးဝါး ထုတ်လုပ်ရေးစက်ရုံများသည် ရွာသာကြီး စက်ရုံခွဲ၊ ကျောက်ဆည်(အင်ရောင်း)၊ ပြင်ဦးလွင်စသည်ဖြင့် စက်ရုံများတိုးတက်ဖြစ်ထွန်းလာသကဲ့သို့ တပ်မတော်၏ မှော်ဘီဆေးဝါးစက်ရုံ၊ ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးဝါးစက်ရုံများစသည်တို့မှ ထုတ်လုပ်လိုက်သမျှ သော ဆေးဝါးများအားလုံး စုပေါင်းလိုက်လျှင်ပင် ပြည်တွင်း လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းမျှကိုသာ ဖြည့်ဆည်းနိုင်သေးကြောင်း သိမှတ်ရသည်။
ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများသည် အခြားကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့် မတူဘဲ အဆောက်အအုံများနှင့် စက်ပစ္စည်းများအတွက် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီစေရသကဲ့သို့ပင် ဆေးဝါးထုတ်လုပ်ရာတွင်လည်း ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ် (GMP Guideline) အတိုင်းတိကျစွာ ထုတ်လုပ်ကြရသည်။ ဆေးဝါးတစ်မျိုးချင်းစီအတွက် ဆိုလျှင်လည်း ဆေး၏ဖော်မြူလာနှင့် စံချိန်စံညွှန်းကိုက်ညီသော ထုတ်လုပ်မှုနည်းစဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရခြင်းဖြစ်ရာ နည်းပညာမြင့်မားခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုမှာလည်း ကြီးမားသည်။ မိမိတို့နိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်းများ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖိုးခန့် တင်သွင်းနေရခြင်းဖြစ်ရာ ပြည်တွင်းဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပမာဏကြီးမားလှစွာသော ကွက်လပ်ကျန်ရှိနေသည်။
မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ဩဂုတ် ၁၄ ရက်က BPI Pharmaceutical Museum ဖွင့်ပွဲကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အမှာစကားပြောကြားရာတွင် “အစွမ်းထက်သည့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ ပြည်တွင်း၌ ဆေးဝါးများလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှဆေးဝါးကုန်ကြမ်းများ တင်သွင်း၍ ပြည်တွင်းစက်မှု လုပ်ငန်းများဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အများအသုံးပြုသည့် ဆေးဝါးများကို ပြည်တွင်းလုံလောက်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
ဆေးဝါးသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးဝါးအမယ်သစ်များ တီထွင်ထုတ်လုပ်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်၍ ပြည်တွင်းဆေးနှင့် ဆေးပစ္စည်းလိုအပ်ချက်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်တွင် ဆေးဝါးထုတ်လုပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ကာ မြန်မာနိုင်ငံထုတ် ဆေးနှင့်ဆေးပစ္စည်းများ ပြည်ပစျေးကွက်များသို့ တွင်ကျယ်စွာ တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်အပိုင်းမှရောပုဂ္ဂလိက ကဏ္ဍကပါမဖြစ်မနေ အားထုတ်ကြိုးပမ်းကြရေး တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။