Skip to main content

နိုင်ငံတော်ကြီးအေးချမ်းအောင် စောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်များအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ မာရဝိဇယဘုရားကြီး ဖူးမြော်ကြည်ညိုရင်း ဆုတောင်းမေတ္တာပို့ပါတယ်

နိုင်ငံတော်ကြီးအေးချမ်းအောင် စောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်များအားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ မာရဝိဇယဘုရားကြီး ဖူးမြော်ကြည်ညိုရင်း ဆုတောင်းမေတ္တာပို့ပါတယ်  (ဆရာလေး ဒေါ်ဝေသီ)

နေပြည်တော် ဩဂုတ် ၁၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူအများပြည်သူတို့ အခမဲ့လာ ရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဆဋ္ဌမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၃ ရက်တွင် ဖူးမြော်သူ ဧည့်ပရိသတ်များဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

အစိုးရရုံးပိတ်ရက်ဖြစ်သဖြင့် အဖွဲ့အလိုက် ဘုရားဖူးအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအားကောင်းစွာ လှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်စွာလေ့လာကြည်ညိုနေမှုများကို မြင်တွေ့ရသည်။ ထို့ကြောင့် လာရောက်ဖူးမြော်သူများ၏ ပီတိစကားများ၊ အနုမောဒနာ သာဓုခေါ်သံများနှင့် သဘောထားအမြင်များကို စုစည်းတင်ဆက်လိုက်ရပါသည်။

ဆရာလေး ဒေါ်ဝေသီ (ပုဗ္ဗသီရိမြို့နယ်)

မာရဝိဇယဘုရားကြီး စတင်တည်ထားကတည်းက ဖူးချင်တဲ့စိတ်က အမြဲရှိခဲ့တဲ့အတွက် အခုလိုလာရောက် ဖူးမြော်ကြည်ညိုတာပါ။ ဒကာ၊ ဒကာမတွေနဲ့ စုပေါင်းပြီး လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရားကြီး ပရိဝုဏ်ထဲရောက်ကတည်းက ကြည်ညိုသဒ္ဓါပွားရပါတယ်။ မာရဝိဇယဘုရားကြီးဟာ အလွန် သပ္ပာယ်ကြည်ညိုဖွယ်ရာကောင်းပြီး ဘုရားကျောင်းကန်နဲ့အညီ ပြည့်စုံပါတယ်။ မြတ်စွာဘုရားရဲ့အဆုံး အမအတိုင်း တည်ထားကိုးကွယ်ထားခြင်း ဖြစ်တဲ့ အတွက်ကြောင့် အများပြည်သူ ရဟန်းရှင်လူပြည်သူ အပေါင်းတို့အနေနဲ့ နိုင်ငံအနှံ့မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လာရောက်ဖူးမြော်ကြပါလို့ ဆရာလေး အနေနဲ့ ဖိတ်မန္တကပြုပါတယ်။ နိုင်ငံတော်ကြီး အေးချမ်းအောင် စောင့်ရှောက်ပေးတဲ့ ပုဂ္ဂိုလ်များ အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ မာရဝိဇယဘုရားကြီး ဖူးမြော်ကြည်ညိုရင်းဆုတောင်း မေတ္တာပို့ပါတယ်။

ဦးဇော်ဝင်း (ပွင့်ဖြူမြို့နယ်)

မာရဝိဇယ ရုပ်ပွားတော်ကြီးကို စပြီးတည်ဆောက်ပူဇော်မယ်လို့ကြားသိတော့ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဗမာ လူမျိုးတွေ အထွတ်အမြတ်ထားရာ ဘုရားကြီး တစ်ဆူကို တည်ဆောက်မယ်ကြားတော့ အင်မတန်မှဝမ်းသာစရာကောင်းပါတယ်။ ဒါကြောင့် မရောက်ရောက် အောင်လာမယ်လို့ စိတ်ထဲမှာကိန်းအောင်းနေပါတယ်။ ဗုဒ္ဓဘာသာသူတော်စင်တိုင်းဟာ ဒီလိုမျိုး ကြုံတောင့်ကြုံခဲဆိုတာက တစ်သက်မှာ တစ်ခါပဲကြုံရတာပါပဲ။

နေပြည်တော်ကြီး တည်ထောင်စဉ်ကတည်းက ကျွန်တော်တို့ စိတ်ဝင်စားတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ သာသနာကို အင်မတန်မှ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာတွေကို ကျွန်တော်တို့ ဂုဏ်ယူလို့မဆုံးဘူး။ ဝမ်းသာလို့မဆုံးဘူး။ တို့လူမျိုး၊ တို့ဘာသာ၊ သာသနာ၊ တို့နိုင်ငံကြီးမှာ သာယာဝပြော အောင် ဒီဘုရားကြီး စပြီးထုဆစ်ပူဇော်မယ်လို့ ကြားတော့အားလုံးကရင်ထဲမှာ၊ သူတော်စင်တိုင်းရဲ့ ရင်ထဲမှာကိန်းအောင်းနေတဲ့ စိတ်တွေပေါ်လာတယ်။ ဖြူစင်တဲ့မေတ္တာတရားတွေနဲ့ ရင်ထဲမှာ ကျွန်တော်တို့ ကြည်နူးမိပါတယ်။ တို့မှာအမုန်းတရားတွေမရှိဘူး၊ တို့ဘာသာမှာ မေတ္တာတရားတွေပဲ ရှိတယ်။ နောင်လာမယ့်ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေက မေတ္တာတရားတွေအပြည့်ရှိပြီးတော့ အရာရာတိုင်းကို ခွင့်လွှတ်နိုင်တဲ့ သူတော်စင်၊ သူတော်ကောင်း စိတ်ဓာတ်တွေ အမြဲကိန်းအောင်းပါစေလို့ ကျွန်တော် ဆုတောင်းလည်းဆုတောင်းတယ်။ မေတ္တာလည်းပို့ပေးပါတယ်။

ဦးမြင့်အောင် (အုတ်တွင်းမြို့နယ်)

ဘုရားကြီးကိုလာချင်တာ တော်တော်ကြာပါပြီ။ ကျွန်တော့်ညီမဝမ်းကွဲတစ်ဦးက ကုသိုလ်ပြုပြီး လာရောက်ပို့ပေးတာဖြစ်ပါတယ်။ ရင်ထဲမှာဝမ်းသာ ပီတိဖြစ်မိ ပါတယ်။ မာရဝိဇယဘုရားကြီးကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရတော့ ကြည်ညိုရပါတယ်။ ဘုရားကြီးကို ကိုယ်တိုင်လက်တွေ့ ကြည်ညိုလိုက်တော့ ရင်ထဲမှာ ပျော်ပြီး ဝမ်းသာမိပါတယ်။ မာရဝိဇယဘုရားကြီးကို လာဖူးရတဲ့ရည်ရွယ်ချက်လည်း အောင်မြင်ပါတယ်။ စိတ်ထဲမှာလည်း အေးချမ်းမှုရှိပါတယ်။

ဗုဒ္ဓဟောခဲ့တဲ့ တရားသဘောတွေကို အခုမှပိုပြီးပေါ်သွားပါတယ်။ ကမ္ဘာနဲ့စံချိန်တင်အောင် တည်ဆောက်ထားတဲ့၊ မြင့်မားတဲ့ဘုရားကြီးကို ဖူးမြော်လိုက်ရတော့ ရင်ထဲမှာဝမ်းသာမဆုံးဖြစ်မိပါတယ်။ ပထမဦးဆုံးဘုရားကြီးကို မဖူးရခင်ဘုရားကြီးကို တက်လာစဉ်ကတည်းကလမ်းမှာ ကြက်သီးမွေးညင်းတွေထလာတယ်။ ဘုရားကြီးကို စပြီးတော့ ဖူးလိုက်ရတော့ နေပူလို့ပူမှန်းတောင် မသိလိုက်ရဘူး။ ရင်ထဲမှာဝမ်းမြောက်ကြည်နူးမှုတွေဖြစ်ရတဲ့ ဒီမာရဝိဇယဘုရားကြီးကို လာရောက်ဖူးခဲ့ရတာ အချည်းနှီးမဖြစ်တော့ပါဘူး။

ကိုနေလင်း (မိတ္ထီလာမြို့နယ်)

မာရဝိဇယဘုရားကြီးဟာ ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆင်းတု ဘုရားကြီးဖြစ်တယ်လို့ ရုပ်မြင်သံကြားသတင်းတွေနဲ့ သတင်းစာတွေမှာ အမြဲဖော်ပြနေ တဲ့အတွက် ဖူးဖြစ်အောင် ဖူးမယ်လို့တွေးပြီး ရောက်လာခဲ့တာဖြစ်ပါတယ်။ ဘုရားကြီးတည်ဖို့ မိတ္ထီလာအနောက်ဘက်ကနေ စကျင်ကျောက်အပိုင်းကြီးတွေ သယ်စဉ်က တည်းက ဘုရားကြီးကိုဖူးမြော်ချင်တဲ့ စိတ်တွေဖြစ်ပေါ်မိပါတယ်။ ဒီမနက်ပဲ မိသားစုနဲ့လာရောက်ဖူးမြော်ဖို့ စပြီးထွက်လာကတည်း စိတ်လှုပ်ရှား မှုတွေ ဖြစ်ပေါ်ပါတယ်။ ဘုရားကြီးမုခ်အဝင်ရောက်ဖို့ တစ်မျှော်တစ်ခေါ်ကားတန်းရှည်ကြီးကို စောင့်လိုက်ရတာ အချိန်နည်းနည်း ပေးလိုက်ရပါတယ်။ အချိန်ပေး ရပေမယ့် ပီတိဖြစ်ပါတယ်။ ဘုရားဖူးကားတန်းကြီးနဲ့ ဘုရားဖူးလာပြည်သူတွေက ပရိဝုဏ်ကြီးတစ်ခုလုံးအပြည့်ပါ။ ဇာတ်နိပါတ်တော်တွေ လေ့လာတဲ့အခါ အေးမြစွာ လေ့လာခွင့်ရပါတယ်။ စကျင်ကျောက်တွေရဲ့ ဂုဏ်သတ္တိက အဲကွန်းတွေ တပ်ထားသလားလို့တောင်ထင်ရပါတယ်။ ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများ စိတ်အေးချမ်းသာ သက်သောင့်သက်သာစွာလေ့လာနိုင်ဖို့ စကျင်ကျောက်တွေနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေဖြစ်တဲ့အတွက် တတ်အားသလောက်၊ တတ်နိုင်သလောက် ဘုရားကြီးအတွက် ပြည့်စုံအောင် လှူဒါန်းသွားကြဖို့လည်း တိုက်တွန်းနှိုး ဆော်ချင်ပါတယ်။

နေပြည်တော်မှာတည်ထားတဲ့ ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဘုရားကြီးကို ရောက်ဖြစ်အောင် လာရောက်ဖူးမြော်ကြပါလို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များက ပြည်သူတွေကို လာရောက်ဖူးမြော်ကြပါလို့ နှိုးဆော်လိုက်ရပါတယ်။

ကိုငြိမ်းချမ်းအောင် (ပုဗ္ဗသီရိမြို့နယ်)

ပထမဦးဆုံးအနေနဲ့ မာရဝိဇယဘုရားကြီးက ကမ္ဘာပေါ်မှာထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ထဲမှာ အကြီးဆုံး၊ ဘုရားကြီးက တည်ထားတဲ့ပုံစံကလည်း သမားရိုးကျ တည်ထားတဲ့ စနစ်နဲ့လည်းမတူဘူး၊ ဘုရားကြီးကခေတ်မီနည်းပညာတွေကို အသုံးပြုပြီးတော့တည်ထားပါတယ်။ ကမ္ဘာမှာ မှတ်တမ်းတစ်ခုအနေနဲ့လည်း ဝင်ထားပါတယ်။ ဘုရားကြီးကို ကျွန်တော်ဒီမနက် စပြီးဖူးလိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ရင်ထဲမှာ ကြည်နူးဝမ်းသာပီတိဖြစ်မိပါတယ်။ မာရဝိဇယဘုရားကြီးကို စကျင်ကျောက်တွေနဲ့ တည်ထားကိုးကွယ် တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ရာသီ ဥတုပူနေပေမယ့် မာရဝိဇယဘုရားကြီး ရင်ပြင်ပေါ်သို့ တက်လိုက်တဲ့အချိန်မှာ အေးမြပြီး ကောင်းကင်တစ်ခုလုံးကဖြူကာ အတိုင်းမသိကြည်ညို မိပါတယ်။

မာရဝိဇယဘုရားကြီးကို အနေကဇာတင်ပြီးတာ တစ်နိုင်ငံလုံးလည်း သိပြီးပါပြီ။ ဘုရားကြီးအကြောင်းကို ဆိုရှယ်မီဒီယာထဲမှာ ရေးထားတာတွေလည်း တွေ့ရပါ တယ်။ အွန်လိုင်းမှာ ဖူးရတာနဲ့အပြင်မှာ အမှန်တကယ် ဖူးမြော်ရတာ တော်တော်လည်း ကွဲပြားမှုရှိပါတယ်။ အပြင်မှာ ဖူးမြော်ရတာက ကြည်ညိုဖို့လည်း အလွန်ကောင်းပါတယ်။

မစန္ဒာအေး (ဇေယျာသီရိမြို့နယ်)

ကျွန်မကတော့ နေပြည်တော်ဇေယျာသီရိမြို့နယ် အိုင်စောက်ကျေးရွာကဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီး လာရောက်ဖူးရတဲ့အကြောင်းရင်းက ရုပ်မြင်သံကြား သတင်းတွေ၊ အွန်လိုင်းသတင်း‌တွေ၊ နိုင်ငံပိုင်သတင်းစာတွေဖတ်ရပြီး ဖူးမြော်ချင်တဲ့စိတ်ဆန္ဒ တွေဖြစ်ပေါ်မိပါတယ်။ ရွာထဲက ရပ်ဆွေရပ်မျိုးတွေက သွားရောက်ဖူးမြော်ကြပြီး ပြန်လည်ရောက်ရှိလာတဲ့အခါ ဘုရားကြီးကြည်ညိုစရာကောင်းတဲ့ အကြောင်းတွေလည်း ပြန်ကြားရတော့ သူငယ်ချင်းတွေစုပြီး ဘုရားကြီးကို လာရောက်ဖူးမြော်ကြည်ညိုရခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတု ဘုရားကြီးလည်းဖြစ်တယ်၊ တန်ဆောင်း၊ ပြာသာဒ်‌တွေ၊ ရေကန်တွေအပြင် ဇာတ်နိပါတ်တော်တွေပါ လေ့လာဖူးမြော်ခွင့်ရတဲ့အတွက် ဘုရားကြီးတည်ထားပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။ ဒီနေ့မိုးမရွာတော့ဘုရားကြီး ရင်ပြင်တော်ပေါ်တက်တဲ့အခါ အောက်ကကျောက်ပြားတွေကို ပူလိမ့်မယ်လို့ ထင်ထားမိပါတယ်။ တကယ်ရင်ပြင်တော်ပေါ်ရောက်တဲ့အခါ နေပူခံကျောက်ပြားတွေနဲ့ ခင်းထားတဲ့အတွက် အေးမြနေတဲ့အရသာနဲ့ ဘုရားကြီးကို အေးအေး ချမ်းချမ်း ဖူးမြော်ကြည်ညိုခဲ့ပါတယ်။ ကျောက်စာတိုက်တွေကိုလည်း သွားရောက်လေ့လာခဲ့ရပါတယ်။

ဟိန်းထက်ဇော်၊ နေဝင်းထွန်း (မြန်မာ့အလင်း)

ဓာတ်ပုံ-ဟိန်းထွန်း