နေပြည်တော် သြဂုတ် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ရှိ နတ်မှော်ရေတင်လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပင်မရေပေးမြောင်းအတွင်း သဲနုန်းပို့ချမှုကို ဖယ်ထုတ်ရှင်းလင်းရန်နှင့် စိုက်ပျိုးရေအကျိုးပြုဧရိယာ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (ရွှေတောင်မြို့)သို့ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေး အထူးပြုဘာသာရပ် သင်ကြားရေးလုပ်ငန်းများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးကာ လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများ လက်တွေ့စိုက်ပျိုးထားသော စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ၊ ရာသီသီးနှံစိုက်ခင်းများ၊ စင်တင်သီးနှံများ၊ နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက် သီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သဲကုန်းမြို့နယ်ရှိ အင်းမအင်းနှင့် အင်းမရေထိန်းဆည် ရေစီးရေလာကောင်းမွန်စေရေး၊ အင်းအတွင်းသို့ဝင်ရောက်သော ချောင်းလက်တက်များတွင် ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများဆောင်ရွက်ပြီး စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နတ္တလင်းမြို့နယ်ရှိ ကျခတ်ဝါးရုံ ရေတံခါးတွင် စနစ်ကျလယ်ယာမြေဖော်ထုတ်မည့်အခြေအနေများ၊ ဇီးကုန်းမြို့နယ် ဂွေးပင်ကုန်းရေတံခါး တောင်ညိုဆည် ရေသောက်မှ အသုံးပြုစီးဆင်းလာသည့် ပိုလျှံရေများဖြင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်မည့် ရေပေးမြောင်းနှင့်ဆက်စပ်ရေအား အဆောက်အအုံလုပ်ငန်းများ တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ရေရရှိရေးနည်းလမ်းများတွင် ပူးပေါင်းလုပ်ဆောင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သာယာဝတီခရိုင် မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်အစပ် ထန်းပင်ကုန်းကျေးရွာအနီး မြစ်မခမြစ်ဝှမ်း ရေနက်ကွင်းအတွင်း ငါးကန် ဧက ၁၀၀ စွန့်ဦးတီထွင်လုပ်ကိုင်ရန် တင်ပြထားသည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသိပ္ပံကျောင်း (သာယာဝတီ)၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့နယ် မြို့ဦးကင်းတံတားအနီး ပဲခူးမြစ်တာကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ (ITC) အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီး စားရေရိက္ခာဖူလုံပိုလျှံရေး၊ လယ်ယာထွက်ကုန် အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ရေအသုံးချသူများအသင်း ဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်