Skip to main content

မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး ဘက်စုံကဏ္ဍစုံမှ ကူညီအားပေးလျက်ရှိ

နေပြည်တော် ဩဂုတ် ၁၃

အသားငါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားသည်။

ဒုတိယဝန်ကြီးနှင့် မွေးမြူရေးလုပ်ငန်းရှင်များသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကန်ကြီးမွေးမြူရေးဇုန်၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မွေးမြူရေးဇုန်တာဝန်ခံနှင့် မွေးမြူရေးလုပ်ငန်းရှင်များက ကန်ကြီးမွေးမြူရေးဇုန်မြေယာအသုံးပြုခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ကဘက်စုံကဏ္ဍစုံမှ ကူညီအားပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အခြေအနေကောင်း အချိန်အခါကောင်းကို အမိအရအသုံးချပြီး မိမိတို့ အကျိုးစီးပွားဖြစ်ထွန်းရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊ ဒေသ၏ အသား၊ ဥ ၊ နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအပြင် မွေးမြူရေးထွက်ကုန် အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ချောများ ထုတ်လုပ်တင်ပို့ရောင်းချနိုင်သည်အထိ လုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ဖန်ဟွမွေးမြူရေးခြံ၌ အသားတိုးဝက်များနှင့် နို့စားနွား မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်မွေးမြူရေးခြံ၊ ရွှေမြို့မွေးမြူရေးဇုန် ယူနီစန်ကုမ္ပဏီ၏ ဒေသနွားနှင့် နို့စားနွားမွေးမြူရေးခြံနှင့် စူပါကောင်းကုမ္ပဏီ နို့စားနွားမွေးမြူရေးခြံတို့သို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရွှေမြို့မွေးမြူရေးဇုန်ရှိ ဇီဝလုံခြုံမှုအဆင့်(၃) ရောဂါရှာဖွေရေးဓာတ်ခွဲခန်း တည်ဆောက်မည့်မြေနေရာနှင့် သုတေသနပြုတိရစ္ဆာန်များမွေးမြူမည့် အဆောက်အအုံမြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မွေးမြူရေးသုတေသနအနေဖြင့် ကုန်းနေသတ္တဝါဆိုင်ရာတိရစ္ဆာန်မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဇေယျာသီရိ မြို့နယ်ပေါင်းလောင်းချောင်းအတွင်း ကျည်တောင်ကန်ကျေးရွာ ငါးမွေးမြူရေးတောင်သူ ဦးကြည်ထွန်း၏ ရေပေါ်လှောင်အိမ်ဖြင့် ငါးမွေးမြူထားရှိမှုနှင့် ဒုတိယအကြိမ် ထိုင်းငါးခုံးမ ၁၀၀၀ မွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်