နေပြည်တော် ဩဂုတ် ၁၃
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေး၊ ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးနှင့် အထူးကုသမှုများ(Super Speciality)လိုအပ်သော ပြည်သူများအား သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရန်အတွက် အထူးကုဆေးကုသရေးအဖွဲ့များအနေဖြင့် ကွင်းဆင်းကုသမှုအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့မှ နှလုံးရောဂါဆေးပညာ၊ အသည်းရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဩဂုတ် (၁၂)ရက်နှင့် (၁၃)ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မကွေးမြို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အထူးကုဆေးကုသရေး အစီအစဉ် နှစ်ရက်တာကာလအတွင်း နှလုံးရောဂါဆိုင်ရာ(၇၅)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ(၃၄)ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ(၇၆)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ(၇)ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ(၆၃)ဦး၊ သွေးရောဂါဆိုင်ရာ(၁၂)ဦး၊ အသည်းရောဂါဆိုင်ရာ(၂၂)ဦး၊ အထွေထွေရောဂါဆိုင်ရာ(၁၃၃)ဦး၊ အရိုးအကြောအဆစ်ဆိုင်ရာ(၉၆)ဦး စုစုပေါင်းလူနာ(၅၁၈)ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး မကွေးမြို့ပေါ်သာမက မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၁၆)မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါ လာရောက်ပြသခဲ့သည်။
အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၃၃)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း(OGDS)(၉)ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း (Colonoscopy)(၂)ဦး၊ ကွန်ပြူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) (၁၁)ဦး၊ သံလိုက်ဓာတ်မှန် ဖြင့်စစ်ဆေးခြင်း(MRI) (၆)ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း(၁၅၇)ဦး၊ ဓာတ်ခွဲစမ်းသပ်သူ(၅၁၈)ဦး၊ သွေးချိုဓာတ်(HbA1c) တိုင်းတာခြင်း (၈၆)ဦး၊ Ultrasound ရိုက်ကူးခြင်း (၈၁)ဦး၊ ECG ရိုက်ကူးခြင်း (၁၉၄)ဦး၊ ခါးရိုးဆစ်အရည်ဖောက်၍ စမ်းသပ်စစ်ဆေးသူ(၁)ဦး၊ အရိုးသိပ်သည်းဆစမ်းသပ်ခြင်း(Bone-Dexa Scan) (၄)ဦး၊ ဒူးခေါင်းတွင်းဆေးထိုး၍ ကုသပေးသူ(၄)ဦးတို့ကို စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး နှလုံးရောဂါ ဆက်လက်ကုသရန် လိုအပ်သူတစ်ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ဦးနှောက်တွင်းသွေးခဲနေသော လူနာတစ်ဦးကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့လည်းကောင်း ဆက်လက်လွှဲပြောင်းကုသမှုပေးခဲ့သည်။
ထို့ပြင် ဆီးချိုနှင့်ဟော်မုန်း ဆေးပညာပါမောက္ခပါမောက္ခ ဒေါက်တာနီနီလှိုင်က လာရောက်ပြသသူ ဒေသခံပြည်သူများအား ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြားသော တိုင်းဒေသကြီး/ပြည်နယ်တွင်လည်း အလားတူ အစီအစဉ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်စဉ်မွေးဖွားလျက်ရှိသော ကလေးငယ်များကို အသက်အရွယ်အလိုက် လိုအပ်သော ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိသည်။
ဩဂုတ် ၁၂ တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ပံ့ပိုးကြီးကြပ်မှုဖြင့် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့က အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက်မှ ကာကွယ်ဆေးလုံးဝမရရှိသေးသော ကလေးများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်မရရှိသေးသည့် ကလေးများကို အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (bOPV)၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး (IPV)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(MR)၊ ငါးမျိုးစပ်ကာကွယ်ဆေး(Penta)တို့ကို ကလေးဦးရေစုစုပေါင်း(၈၀) ကိုလည်းကောင်း၊ ဩဂုတ် ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ကလေး(၃၃)ဦးကိုလည်းကောင်း၊ မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကလေး(၄၄)ဦးကိုလည်းကောင်း ထိုးနှံ/တိုက်ကျွေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်