နေပြည်တော် ဩဂုတ် ၁၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ကျင်းပပြီး ရန်ကုန်နှင့်မန္တလေးမြို့ရှိ ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက Online Virtual ဖြင့် တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပို့ကုန်တင်ပို့သူနှင့်သွင်းကုန် တင်သွင်းသူများအကြား သဘောတူညီချက်များဖြင့် နိုင်ငံခြားငွေရောင်းဝယ်ခဲ့ခြင်း၊ ဈေးကွက်၏ အမှန် ရောင်းလိုအား၊ ဝယ်လိုအားကိုမလျော်ညီသော လဲလှယ်နှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြခြင်းနှင့် အခြား ပြင်ပအကြောင်းအချက်များကိုမူတည်၍ ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဇွန် ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဦးဆောင်ပြီး AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား၊ Customer အချင်းချင်းအကြားရောင်းဝယ်ခြင်းကို Online Trading အစီ အစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအစီအစဉ်တွင်ပါဝင်မည့် ပို့ကုန်တင်ပို့သူ၊ သွင်းကုန် တင်သွင်းသူများ၊ ဘဏ်များ လိုက်နာရမည့်အခြေခံသတ်မှတ်ချက်များအား သတ်မှတ်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း။
Online Trading အစီအစဉ်တွင် နိုင်ငံခြားငွေ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတရန် ဗဟိုဘဏ် အနေဖြင့်လိုအပ်သလို ငွေကြေးပံ့ပိုးပေးနိုင်ခြင်း Financing ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ် ကုန်သွယ်ရေးတွင် ယွမ်နှင့်ဘတ်တို့ အသုံးပြုကာ ပေးချေနိုင်သည့် အခြေအနေမှ ပုံမှန်ပင်လယ် ရေကြောင်းကုန်သွယ်ရေးတွင်လည်း ယွမ်နှင့် ဘတ်ဖြင့် ပေးချေနိုင်ပြီဖြစ်ပါကြောင်း၊ အမေရိကန် ဒေါ်လာဖြင့် ပေးချေမှုများကိုလျှော့ချပြီး ယွမ်နှင့် ဘတ်ကို တိုးမြှင့်သုံးစွဲခြင်းဖြင့် ယွမ်နှင့် ဘတ်လဲလှယ် နှုန်းများ ပြင်ပသက်ရောက်မှုများကြောင့် အတက် အကျမများဘဲ လဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း။
ယင်း Online Trading အစီအစဉ်အရ ပို့ကုန်တင်ပို့သူများသည် သတ်မှတ်ကာလအတွင်း နိုင်ငံခြားငွေကို ပြည်တွင်းသို့ပြန်လည်လွှဲပို့နိုင်သည့်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ Online Trading အစီအစဉ်တွင် ရောင်းဝယ်လျက်ရှိသော နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဘဏ်များ၏ Website တွင် တွေ့ရှိနိုင်သကဲ့သို့ ယင်းလဲလှယ်နှုန်းသည် တရားဝင်လဲလှယ်နှုန်းများဖြစ်ကြောင်း၊ ငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေကြေးဈေးကစားသူများသည် ကောလာဟလသတင်းအမျိုးမျိုးထုတ်လွှင့်ပြီး ငွေကြေးဈေးကွက်ကမောက်ကမဖြစ်စေရန် လှုံ့ဆော်နေသည်ကို အားလုံးသိရှိနိုင်ပါကြောင်း၊ နိုင်ငံခြားငွေ ကြေးများအား တရားမဝင်သော နည်းလမ်းများဖြစ်သည့် ဟွန်ဒီနည်းလမ်း၊ ငွေသားများ လက်သိပ်ထိုးရောင်းသောနည်းလမ်း၊ နယ်စပ် ဒေသရှိ တရားမဝင် လုပ်ငန်းများမှ ဝယ်ယူရောင်းချ နေသူများရှိပါကြောင်း၊ ယင်းသို့ ပါဝင်ပတ်သက် ဆောင်ရွက်သည့် ပုဂ္ဂိုလ်များအားကျော်ဇောသတင်းများအရ စစ်ဆေး ဖော်ထုတ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading အစီအစဉ်ဆောင်ရွက်သကဲ့သို့ ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများအတွက် Online Trading အစီ အစဉ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းရွှေ ဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက် အလေးချိန်သတ်မှတ်ချက်စံချိန်စံညွှန်း၊ အရည်အသွေး သတ်မှတ် ချက်စံချိန် စံညွှန်းနှင့် ဈေးနှုန်းသတ်မှတ်တွက်ချက် သည့် လုပ်ငန်းအစီအစဉ် (Mechanism) များအတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ်ရှိသူများသာ Online Trading အစီအစဉ်တွင် တရားဝင်စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ခွင့်ပြုရန်လိုအပ်ကြောင်း၊ ကြီးကြပ်စစ်ဆေးသူများအနေဖြင့် ရွှေဆိုင်များ သည် ဈေးနှုန်းများတည်ငြိမ်မှုမရှိစေရန်နှင့် ကမောက်ကမဖြစ်အောင် ဈေးကစားသူများတွင် ပါဝင်နေခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင် စင်များနှင့် လိုအပ်သည့် မှတ်ပုံတင်လက်မှတ်များ ရှိ/ မရှိ၊ အမှန်တကယ် တရားဝင်အရောင်းအဝယ်ပြုလုပ် နေသည့် ဈေးနှုန်းများ၊ ငွေပေးချေသည့် နည်းလမ်း များစသည့်အချက်များကို သေချာစွာ စိစစ်ရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လက်ရှိနိုင်ငံခြားငွေကြေးနှင့် ရွှေဈေးကွက်များအပြင် အိမ်ခြံမြေနှင့် မော်တော်ယာဉ် ရောင်းဝယ် သူများကိုလည်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်ကဆောင်ရွက်လျက်ရှိသော Online Trading အစီအစဉ်ကဲ့သို့ သတ်မှတ်စည်းမျဉ်းစည်း ကမ်းများ ချမှတ်ပြီး တရားဝင်အရောင်းအဝယ်ဆောင်ရွက်စေခြင်းဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ စိစစ်ဆောင်ရွက်နိုင်မည့်အခြေ အနေ၊ Social Media များနှင့် Internet Website များတွင် တရားဝင်လုပ်ကိုင်ခွင့်လိုင်စင် မရှိသော၊ မှတ်ပုံတင်ထားခြင်းမရှိသော နိုင်ငံခြားငွေရောင်းဝယ်သူများ၊ ရွှေဈေး ကစားသူများ၏ မဟုတ်မမှန်ဈေးနှုန်း ဖော်ပြပြီး အကျိုးအမြတ်ရရှိစေရန် မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်နေသူများအား စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး၊ အဆိုပါ ကိစ္စရပ်များကို အများပြည်သူသို့ အသိပေးပြောကြား သွားရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်