Skip to main content

နိုင်ငံ၏စားရေရိက္ခာ ဖူလုံပိုလျှံရေးနှင့်တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် နည်းပညာနှင့်အကူအညီများ ပံ့ပိုးပေးလျက်ရှိ

နေပြည်တော် သြဂုတ် ၁၂

ဒုတိယအကြိမ် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန တောင်သူ လယ်သမားအခြေပြု ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်ကနိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေး အတွက် နည်းပညာနှင့်အကူအညီများပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လက်တွေ့ဆုံးဖြတ်ဆောင်ရွက်ချက်သည် တောင်သူများကိုယ်တိုင်ဆောင်ရွက်ရခြင်းဖြစ်၍ မှန်ကန်သောဆောင်ရွက်မှုဖြစ်ရန် အသိပညာပေးလုပ်ငန်းများ၊ တောင်သူများအတွေ့အကြုံနှီးနှောဖလှယ်နိုင်ရေးနှင့် အခက်အခဲကျော်ဖြတ်နိုင်မည့် နည်းလမ်းများကိုညှိနှိုင်း အဖြေရှာ ဆောင်ရွက်နိုင်စေရန် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို အပတ်စဉ်ကျင်းပပေးလျက်ရှိကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့်တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီအတွင်းမှ တောင်သူများတက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနပညာရှင်များနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနသုတေသီများကမိုးစပါး အခြောက်စိုက်ခင်းများတွင် ဖိုးလမင်းကျိုင်းများကျရောက်ဖျက်ဆီးမှု ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းနည်းစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်တဲကြီး ကုန်းကျေးရွာနည်းပညာပြန့်ပွားရေးစင်တာတွင် သဘာဝမြေဆွေးလက်တွေ့ပြုလုပ်ပြသထားမှုကို လာရောက်လေ့လာလျက်ရှိသည့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားကျောင်းသူများကိုတွေ့ဆုံ၍ သီးနှံပင်များအတွက်လိုအပ်သည့် အာဟာရဓာတ်များ အချိုးညီညီရရှိစေရန် ဓာတ်မြေဩဇာသာမက သဘာဝမြေဆွေးများနှင့်ရောစပ်အသုံးပြုရန် လိုအပ်ချက်များ၊ သီးနှံအကြွင်းအကျန်ကိုအသုံးပြု၍ သဘာဝမြေဆွေးများ တစ်နိုင်တစ်ပိုင် ထုတ်လုပ်သုံးစွဲခြင်း ဆိုင်ရာနည်းစနစ်များကို လေ့လာရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် အကျိုးရှိစွာပြန်လည်အသုံးပြုကြရန် မှာကြားသည်။

သတင်းစဉ်