နေပြည်တော် ဩဂုတ် ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့ရုံးပိတ်ရက်တွင်လည်း နံနက် ၆ နာရီ မှစတင်၍အများပြည်သူ ဖူးမြော်ကြည်ညိုခွင့် ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဦးစွာ တာဝန်ရှိသူများက ဘူရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် ဘုရားမုခ်ဉီးများရှေ့တွင် လုံခြုံရေးအရလိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီးသံဃာတော်များ၊ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေးလွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျပို့ဆောင်ပေးသည်။ ထို့နောက် ဘုရားဖူးရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ဘုရားရင်ပြင်တော်ပေါ်သို့ အလွယ်တကူတက်ရောက်ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်းတည်ဆောက်ထားရှိရာ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများအတွက် များစွာအဆင်ပြေလှပြီး စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနေကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ရင်ပြင်တော်ပတ်လည်၌ ဂန္ဓကုဋိတိုက် ၂၄ ဆောင်ကို စကျင်ကျောက်များဖြင့် တည်ဆောက်ထားရှိရာ ဘုရားဖူးပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဂန္ဓကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုကြသည်။
ထို့ပြင် ဘုရားဖူးရဟန်းရှင်လူပြည်သူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ကို ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာမူရာတည့်တည့်၌ တည်ဆောက်ပူဇော်ထားရှိရာ စိတ်ဝင်စားစွာ ဖူးမြော်လေ့လာကြည်ညိုကြသည်။
အဆိုပါ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား ကျောက်စာရုံများ ပုံစံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ကျောက်စာရုံ၌ ပိဋကတ်သုံးပုံကျမ်းစာများကို လေ့လာသည်ဖြစ်စေ ကျောက်စာရုံများမှထွက်သည့်အခါ၌ ဘုရားကြီး၏မျက်နှာတော်ကို တွေ့မြင်ဖူးမြော်ကြည်ညိုနိုင်ရန်နှင့် ပိဋကတ်သုံးပုံအဋ္ဌကထာဋီကာ ကျမ်းစာများသည်လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာတွင်တည်ရှိနေရန် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှပညာရှင်များ၊ အခြားအရပ်ဘက် ကျွမ်းကျင်ပညာရှင်များက စနစ်တကျတွက်ချက် တည်ဆောက်ထားခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများအနေဖြင့် ဝင်ရောက်ဖူးမြော်ရာ၌ ကျောက်စာရုံစေတီတော်များ၏ ဗိသုကာလက်ရာ၊ အင်ဂျင်နီယာပညာရပ်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများ၏ဩဝါဒခံယူလျက် ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထားကိုးကွယ်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။
ထို့ပြင် ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျတည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်း အသေးနေရာများ၌လည်း ဘုရားဖူးပြည်သူများအနေဖြင့် မိသားစုအလိုက်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက် လည်းကောင်း ပျော်ရွှင်စွာအမှတ်တရဓာတ်ပုံရိုက်နေကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့်ဘုရားကျောင်းကန်များအားလာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ခေတ္တအနားယူနိုင်စေရေးအတွက် ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက်ဆောက်လုပ်ထားသည့် သုဓမ္မာဇရပ်များတွင်လည်း အေးချမ်းစွာ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယကျောင်းတော်နှင့် သာသနာရေးဆိုင်ရာအခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရန် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးကိုလည်း ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားရှိမှုကိုလည်း ရဟန်း၊ ရှင်လူပြည်သူအများက ဝင်ရောက်လေ့လာ ကြည်ညိုကြသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းလျက်ရှိကြပြီး ခုနှစ်ရက်သားသမီးအလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများသုံးဆောင်နိုင်ရန်အတွက် သက်သတ်လွတ်သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် ကျွေးမွေး လှူဒါန်းကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများအနေဖြင့် ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်းနှင့် ယနေ့ရုံးပိတ်ရက် တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူ ၅၀၀၀၀ ခန့် လာရောက် ဖူးမြော်ကြည်ညိုကြရာ အထူးပင်စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။