နေပြည်တော် ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကြပြီး နန္ဒာရာမပရိယတ္တိစာသင်တိုက်၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်၊ မဟာဇေယျသိဒ္ဒိအဓိဋ္ဌာန်ကျောင်းတိုက်၊ ခေမာမဏ္ဍိုင်ကျောင်းတိုက်၊ အမ္ဗာရာမကျောင်းတိုက်နှင့် ကျားရုပ်ဘုန်းတော်ကြီးကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများအား ကျောင်းတိုက်အသီးသီးသို့ သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား စစ်တွေတပ်နယ်မှ နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။