ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သည် မြန်မာနိုင်ငံ၏ မိခင်နို့ရည်ဘဏ်ကို ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာ အလေ့အကျင့်များနှင့်အညီ အဆင့်မြှင့်တင်ခြင်း၊ စံသတ်မှတ်ခြင်းများပြုလုပ်၍ အကောင်းဆုံး ဖြစ်အောင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိခင်နို့ရည်ဘဏ်သည် မိခင် နို့ရည်တိုက်ကျွေးမှု အထောက်အကူပြုဝန်းကျင် ဖြစ်ပေါ်လာရေး အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုတွင် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပေသည်။ မိခင်နို့ တိုက်ကျွေးခြင်းသည် ကလေးငယ်များအတွက် အသက်ရှင်သန်ခြင်း၊ ကြီးထွားခြင်း၊ အသိဉာဏ်ဖွံ့ဖြိုး ခြင်းနှင့် မိသားစုများ အသိုက်အဝန်းများနှင့် နိုင်ငံများအတွက် လူမှုစီးပွားတိုးတက်မှုများကို ဖြစ်ပေါ် စေသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ် ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီးနှင့် မွေးကင်းစ ကလေးအထူးကြပ်မတ် ကုသဆောင် ပါမောက္ခတို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားဖော်ပြလိုက်ပါသည်။
ပါမောက္ခ ဒေါက်တာခင်ပြုံးကြည်
(ဆေးရုံအုပ်ကြီး)
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)
နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို ဖွင့်ရတဲ့အကြောင်းရင်းက မိခင်ရဲ့ နို့ရည်ဆိုတာ မွေးကင်းစ ကလေးငယ်တွေအတွက် မရှိမဖြစ် အလွန်လိုအပ်ပါတယ်။ မိခင်ရဲ့နို့ကို အကြောင်းအမျိုးမျိုးကြောင့် မရတဲ့ မွေးကင်းစ ကလေးလေးတွေရှိပါတယ်။ အထူးသဖြင့် ပေါင်မပြည့်၊ လမစေ့တဲ့ ကလေးလေး တွေက မိခင်ရဲ့နို့ရည်ကိုရရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအဆင့်မီ မိခင် နို့ရည်ဘဏ်ကရရှိတဲ့ ပိုးသန့်စင်ထားတဲ့ မိခင်ရဲ့နို့ကို ရရှိစေဖို့အတွက် စုဆောင်းထားရှိတဲ့ နို့ရည် ဘဏ်ကြီးကို ဒီဆေးရုံကြီးမှာ မွေးကင်းစကလေးကုသဆောင်ကိုပြုပြင်ပြီး ဖွင့်လှစ်ရတဲ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ် ဆိုတဲ့အတိုင်း မိခင်တွေဆီက ရရှိလာတဲ့နို့ကို ပထမဦးဆုံး အဆင့်အနေနဲ့ ဗဟိုအမျိုးသမီး ဆေးရုံမှာလာမွေးတဲ့ မိခင်တွေထဲမှာ မိမိတို့ရဲ့ ရင်သွေးငယ်တွေကို သဘာဝအတိုင်း တိုက်ကျွေးပြီး ပိုလျှံတဲ့နို့ကို မိခင်တွေရဲ့ ဆန္ဒအလျောက်ရောဂါပိုးမရှိတဲ့ မိခင်တွေဆီက နို့ရည်ကို စုဆောင်းရရှိတာဖြစ်ပါတယ်။
မိခင်နို့ရည်ဘဏ်က ၁၉၉၄ ခုနှစ်ကစပြီး ဒီဆေးရုံမှာ မွေးကင်းစအထူးကု ဆရာဝန်ကြီးတွေနဲ့ အရင် ဆေးရုံအုပ်ကြီးတွေ လက်ထက်ကတည်းက ရှိပြီးသားဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ မိခင် နို့ရည်ဘဏ် ဖြစ်ဖို့ဆိုရင် အခန်းအနေအထားကအစ ဒီအခန်းမှာပါဝင်ရမယ့် မိခင်ရဲ့ စနစ်တကျ နို့ရည် ညှစ်ခန်း၊ မိခင်ရဲ့ နို့ရည်စုဆောင်းခန်း၊ ရရှိလာတဲ့ မိခင်ရဲ့ နို့ရည်တွေကို စနစ်တကျသိမ်းဆည်းထားတဲ့ အအေး ခန်း၊ နို့ရည်သန့်စင်ခန်း၊ သန့်စင်ပြီးတဲ့ နို့ရည်ကို စုဆောင်းပြီး လိုအပ်တဲ့ကလေးတွေကို ဖြန့်ဖြူးတဲ့အခန်း၊ အခန်းတွေအဆင့်ဆင့် ရှိပါတယ်။ အဲဒီအခန်းတွေကလည်း သာမန် အခန်းတွေလို မဟုတ်ဘဲ ပိုးသန့်စင်ထားတဲ့၊ ပိုးလုံးဝမရှိတဲ့ အခန်းတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့က နိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ်လို့ ပြောတာပါ။ နိုင်ငံတကာ အဆင့်မီဖို့က အရင်တုန်းက မလုပ်နိုင်ခဲ့ပါဘူး။ အခု ၂၀၁၉ ဇန်နဝါရီလကစပြီး ဖေဖော်ဝါရီလလောက်မှာ အလှူရှင်တွေဆီက လှူဒါန်းတဲ့ ငွေကြေးရယ်၊ စက်ပစ္စည်းကိရိယာတွေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း လိုအပ်တဲ့ပစ္စည်းကိရိယာတွေ၊ အတွင်းပိုင်း ပြုပြင်မှုတွေမှာထောက်ပံ့ခွင့်ပြုတဲ့ ရန်ပုံငွေများနဲ့ နိုင်ငံတကာ အဆင့်မီ မိခင်နို့ရည်ဘဏ်ကို ပြုပြင်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်မှာ စနစ်တကျပိုးသန့်စင်ထားတဲ့ မိခင်ရဲ့နို့ရည်တွေကို အခန်း ထဲမှာ အေးခဲထားပြီး စနစ်တကျ သိုလှောင်ထားတယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ကလေးတွေ အတွက် အထူးသဖြင့် ပေါင်မပြည့်၊ လမစေ့တဲ့ ကလေးတွေက မိခင်နို့ရည်ရရှိဖို့ လိုအပ်ပါတယ်။ မိခင်နို့ရည်ဆိုတာ အလွန်မွန်မြတ်တယ်။ ကောင်းမွန်တယ်။ မွေးကင်းစကလေးတွေ အားလုံးအတွက် မိခင်နို့ရည်ဟာ အင်မတန်မှ လိုအပ်ပါတယ်။ သဘာဝကရရှိလာတဲ့ မိခင်နို့ဦးရေထဲမှာ ရောဂါ ကာကွယ်တဲ့ ဓာတ်တွေ၊ သက်စောင့်ဓာတ်တွေ၊ ဗိုက်တာမင်စီ သဘာဝအလျောက် ပါဝင်ပြီးသား ဖြစ်တဲ့အတွက် မိခင်နို့ချိုရည်ကို မွေးကင်းစကလေးကစပြီး ခြောက်လအထိ၊ မဖြစ်မနေ တိုက်ကျွေးရမှာ၊ ကလေးနှစ်နှစ်အထိ တိုက်ကျွေးရမှာပါ။ အကြောင်းအမျိုးမျိုးနဲ့ မိခင်က နေမကောင်းလို့သော် လည်းကောင်း၊ မိခင်က နို့မထွက်သေးတဲ့အချိန်မှာ မွေးကင်းစကလေးအတွက် နို့မရ၍သော် လည်းကောင်း၊ အထူးသဖြင့် ပေါင်မပြည့်၊ လမစေ့ဘဲမွေးတဲ့ မွေးစကလေးတွေက ရောဂါဒဏ်ကို မခံနိုင်ပါဘူး။ အဲဒီကလေးလေးတွေက ဒီလိုစနစ်တကျ ပေါင်းထားတဲ့၊ ပိုးသန့်စင်ထားတဲ့ နို့ရည်ကို ရရှိတဲ့အခါ အင်မတန် အကျိုးကျေးဇူးများပါတယ်။ အဲဒါကြောင့်မို့ မိခင်နို့ကို တိုက်ကြပါ။ မတိုက် နိုင်ရင်လည်း နို့ပေါင်းအနေနဲ့ ဒီလိုမျိုးတိုက်လို့ရပါတယ် ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။ နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်က ပထမဦးဆုံးအဆင့်အနေနဲ့က ဗဟိုအမျိုးသမီးဆေးရုံမှာ တက်ရောက်နေကြတဲ့ ဆန္ဒရှိတဲ့၊ ကျန်းမာသန်စွမ်းတဲ့ မိခင်တွေက ပိုလျှံတဲ့နို့ရည်တွေကို၊ ရောဂါပိုး သန့်စင်တဲ့ နို့ရည်တွေကို အလှူခံနေပါတယ်။ နောက်များမှာဆိုရင် ဒီဆေးရုံမှာပဲမဟုတ်ဘဲ တခြား မိခင်တွေအနေနဲ့ မိမိဆန္ဒရှိရင် လာရောက်လှူဒါန်းနိုင်တဲ့အဆင့်အထိ ရောက်ရှိအောင် ဆောင်ရွက် ပါမယ်လို့ သတင်းကောင်းပါးပါတယ်။ မွေးကင်းစကလေးတိုင်း မိခင်ရဲ့နို့ရည်များ ရရှိလာခြင်းအားဖြင့် အနာဂတ်ရဲ့ ဉာဏ်ပညာတွေဖွံ့ဖြိုးတဲ့၊ ကိုယ်ကာယတွေ ကျန်းမာသန်စွမ်းတဲ့ သားကောင်း သမီးကောင်း ရတနာလေးတွေ ရရှိနိုင်ပါစေလို့ ပြောကြား လိုပါတယ်။
ပါမောက္ခ ဒေါက်တာနန့်စမ်းစမ်းအေး
(ပါမောက္ခ-မွေးကင်းစ)
မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်
ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)
မွေးကင်းစကလေးများအတွက် သူတို့ရဲ့ မိခင်နို့ရည်ဟာ အကောင်းဆုံးဖြစ်ပါတယ်။ မိခင်မကျန်းမာလို့ လမစေ့မီ မွေးဖွားသော ကလေးများအတွက် မိခင်နို့ရည် လုံလောက်စွာ မရရှိသေးတဲ့အခြေအနေတွေမှာ အကောင်းဆုံး၊ အသင့်လျော်ဆုံး အာဟာရဖြစ်တဲ့ မိခင်နို့ရည်ကို ပေးနိုင်ဖို့၊ မိခင်နို့များ စနစ်တကျ ပိုးသန့်စင်ပြီး သိုလှောင်သိမ်းဆည်းပေးထားနိုင်တဲ့ မိခင်နို့ရည်ဘဏ်ကို ဖွင့်လှစ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မိခင်နို့ရည်ဘဏ်ကို ၁၉၉၄ ခုနှစ်ကစပြီး ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်)မွေးကင်းစ ကလေးအထူးကြပ်မတ် ကုသဆောင်မှာ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်က တာဝန်ခံ ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
မိခင်နို့ရည်ဘဏ်မှ နို့တွေကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှာ တက်ရောက် ကုသနေတဲ့ ကိုယ်အလေးချိန်မပြည့်၊ လမစေ့တဲ့ကလေးများ၊ ကိုယ်အလေးချိန် ပြည့်သော်လည်း နာမကျန်းဖြစ်နေတဲ့ ကလေးများ၊ အစာအိမ်အူလမ်းကြောင်းမှာ ရောဂါဖြစ်ခဲ့သူများ၊ အစာအိမ် အူလမ်းကြောင်း ခွဲစိတ်ကုသခံရတဲ့ ကလေးများ၊ မိခင်နို့လုံလောက်စွာ မရရှိတဲ့ကလေးများကို တိုက်ကျွေးပါတယ်။ မိခင်နို့ရည်ဘဏ်မှ နို့ရည်ဟာမွေးကင်းစ ကလေးများအတွက် အာဟာရပြည့်၀ပြီး ရောဂါများကို ကာကွယ်စေသောဓာတ်များ ပါဝင်တယ်။ မွေးစကလေးများအတွက် အချိုးအစား ညီမျှသော ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်များ ပါဝင်တာကြောင့် အစာကို ကြေညက်လွယ် ပါတယ်။ အူလမ်းကြောင်း ရောင်ရမ်းတဲ့ ရောဂါဆိုးကြီးကို ကာကွယ်ပေးပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အကြံပြုချက်မှာလည်း မိခင်ရင်းရဲ့နို့ရည်ကို မရရှိနိုင်တဲ့ မွေးကင်းစကလေးများ အထူးသဖြင့် ကိုယ်အလေးချိန်မပြည့်၊ လမစေ့တဲ့ကလေးငယ်များကို မိခင်နို့ရည်ဘဏ်မှာ စုဆောင်းထားတဲ့ အလှူရှင် မိခင်များရဲ့နို့ရည်ကို အသုံးပြုဖို့ အကြံပေးထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိမိခင်နို့ရည်ဘဏ်က ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ တစ်ခုရှိပြီး ရန်ကင်းကလေး ဆေးရုံကြီးမှာလည်း ၂၀၁၅ ခုနှစ်မှာ စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီး ရန်ကုန်ကလေး ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ မန္တလေးဗဟို အမျိုးသမီးဆေးရုံကြီး၊ ၅၅၀ ကလေးဆေးရုံ ကြီးနဲ့ တောင်ကြီး မိခင်နဲ့ကလေးဆေးရုံကြီးတို့ရဲ့ မွေးကင်းစကလေးအထူးကြပ်မတ် ကုသဆောင် တွေမှာ ဆက်လက်ဖွင့်သွားပါမယ်။ မိခင်နို့ရည်ဘဏ်က မွေးကင်းစကလေး အထူးကြပ်မတ် ကုသဆောင်မှာ တက်ရောက်ကုသနေတဲ့ ကလေးများရဲ့ အစာအာဟာရအတွက် မရှိမဖြစ်လိုအပ် ပါတယ်။ အခုလို နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို တည်ဆောက်နိုင်အောင်ပံ့ပိုးပေးတဲ့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာန၊ လိုအပ်သမျှ အကူအညီတွေပေးတဲ့ Alive & Thrive South-east Asia အဖွဲ့အစည်း၊ Unicef နဲ့ ငွေအား၊ လုပ်အား အလှူရှင်ကလေးမိခင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီမိခင်နို့ရည်ဘဏ်မှာ နို့ရည်များမပြတ်အောင် နို့တိုက်မိခင်များမှ နို့ရည်များ လာရောက်လှူဒါန်း ပေးပါလို့ ဖိတ်ခေါ်ပါတယ်။
တွေ့ဆုံမေးမြန်း - ရီရီမြင့်
ဓာတ်ပုံ - ဇော်မင်းလတ်