Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမြော်ကြသည့် ပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိ စကားသံများ

တွေ့ဆုံမေးမြန်း - ဟိန်းဂျိုင်း

ဓာတ်ပုံ - မျိုးဆက်သစ်

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ ပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစတင်၍ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပေးလျက်ရှိရာ နေ့စဉ်နှင့်အမျှ လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ၏ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညိုခဲ့ရသည့် ရင်တွင်း ဝမ်းသာပီတိ စကားသံများကို ရေးသားဖော်ပြလိုက်ရပါသည်။

ဦးညွန့်မောင် (မြင်းခြံမြို့)

နေပြည်တော်ကို ဆေးခန်းလာပြရင်းနဲ့ ဘုရားကြီးကို ဖူးမြော်ခွင့်ပေးပြီလို့ သိရတဲ့အတွက် ဝမ်းသာအားရ လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို တည်ဆောက် ပူဇော်ဖို့အတွက် စကျင်ကျောက်တုံးတော်ကြီးတွေကို ဆီမီးခုံဆိပ်ကမ်းကနေ နေပြည်တော်ကို စတင်ပင့်ဆောင်ခဲ့တာကို တီဗွီကနေမြင်ကတည်းက ဘုရားကြီး တည်ဆောက်ပြီးရင် သွားဖူးမယ်လို့ အားခဲထားခဲ့တာပါ။ ဘုရားကြီး တည်ဆောက်နေတဲ့အချိန်မှာလည်း တည်ဆောက်ပူဇော်လို့ ပြီးပြီ လားဆိုပြီး လာရောက်ကြည့်ရှုခဲ့ပါတယ်။ စကျင်ကျောက်နဲ့ ထုဆစ်ပူဇော်တဲ့ဘုရားက ရှားပါတယ်။ အခုလို ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ရတဲ့အချိန်မှာ ဝမ်းသာပီတိဖြစ်မိပါတယ်။  မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်တဲ့ ရည်ရွယ်ချက်ကလည်း အင်မတန်မှ ကောင်းပါတယ်။ အခုလို ဘုရားကြီးကို အများပြည်သူတွေ ဖူးမြော်ကြည်ညိုလို့ရအောင် တည်ဆောက်ပူဇော်ခဲ့တဲ့ နိုင်ငံတော်ကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အလှူရှင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ကြီးသုံးပါးကိုလည်း ကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။ ခမ်းနားထည်ဝါပြီး ကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို လာရောက်ဖူးမြော် ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ဒေါ်သမ္မာရီ (ပျဉ်းမနားမြို့)

ဘုရားကြီး တည်ဆောက်ပူဇော်ဖို့ ပင့်ဆောင်လာတဲ့ စကျင်ကျောက် တုံးတော်ကြီး နေပြည်တော်ကို ရောက်ပြီး ဘုရားကြီးကို တည်ဆောက်ပူဇော်နေတဲ့အချိန်မှာလည်း ဖူးချင်လွန်းလို့ သုံးခေါက် လာခဲ့ပါတယ်။ ဘုရားကြီးကို စတင်ဖူးမြော်ခွင့်ပေးတဲ့ အရင်ရက်တွေက မိုးတွေရွာနေတာနဲ့ ဒီနေ့မှ လာရောက်ဖူးမြော်တာပါ။ အခုလို ဖူးမြော်ရတဲ့အတွက်လည်း အင်မတန် ဝမ်းသာပီတိဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဘုရား မြန်မာနိုင်ငံမှာ ရှိပါလားဆိုပြီး ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ရော ဗုဒ္ဓဘာသာဝင်တစ် ယောက်အနေနဲ့ပါ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျောက်စာရုံစေတီမှာ ထည့်သွင်းရေးထိုးထားတဲ့ ပိဋကတ်သုံးပုံကျမ်းစာတွေကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာ ရေရှည်တည်တံ့အောင် လှူဒါန်း ပူဇော်ခဲ့တဲ့ အလှူရှင်တွေနဲ့ တည်ဆောက်ပူဇော်ခဲ့ကြတဲ့ နိုင်ငံတော်က တာဝန်ရှိသူတွေကိုလည်း ကျန်းမာချမ်းသာ ဘေးရန်ကင်းကွာပြီး မာန်ဟူသမျှ ရန်ဟူသမျှကို အောင်နိုင်ပါစေလို့ မေတ္တာပို့ ဆုတောင်းပါတယ်။ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။ ဘုရားကြီးကိုဖူးမြော်ပြီး ခုနစ် ရက်သားသမီးအပေါင်းနဲ့ အရပ်ဆယ်မျက်နှာကိုလည်း အမျှဝေဆုတောင်းမေတ္တာ ပို့ခဲ့ပါတယ်။ ထူးခြားမှုတွေနဲ့ ပြည်စုံနေတဲ့ ဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ဦးမြမောင်( ပုဗ္ဗသီရိမြို့)

မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို နိုင်ငံ (၉) နိုင်ငံက သံဃာတော်တွေနဲ့ ဘုရားအနေကဇာတင်တာကို တီဗွီမှ တွေ့မြင်ကတည်းက သွားရောက်ဖူးမြော်မယ်လို့ အားခဲထား ခဲ့တာပါ။ ဒါကြောင့် ဒီနေ့မှာ အသိမိတ်ဆွေတွေစုပြီး လာရောက်ဖူး မြော်ကြတာပါ။ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးက ခမ်းနားထည်ဝါပြီး ကြည်ညိုသပ္ပာယ်စရာ ကောင်းလှပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညိုရတဲ့အခါမှာလည်း စိတ်ထဲမှာ အင်မတန်မှ ဝမ်းသာကြည်နူး ပီတိဖြစ်ရပါတယ်။ တကယ့်ကို ထူးခြားပြီး သမိုင်းဝင်မယ့် ဘုရားကြီးတစ်ဆူလည်းဖြစ်ပါတယ်။ ဘုရားဖူး ပြည်သူတွေ သုံးဆောင်ဖို့ သက်သတ်လွတ်သီးစုံဒံပေါက်ကို ကုသိုလ်ပြု လှူဒါန်းနေတဲ့ မြင်ကွင်းကလည်း မြင်ရတာ ကြည်နူးဖို့ကောင်းပါတယ်။ ဘုရားကြီးကို အများပြည်သူတွေ ဖူးမြော်ခွင့်ရအောင် တည်ဆောက်ပူဇော်ပေးခဲ့တဲ့ နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့ ဘုရားအလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဓမ္မမိတ်ဆွေအပေါင်းကိုလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော် ကုသိုလ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးရှိန် (ပျဉ်းမနားမြို့)

ဒီဘုရားကြီး တည်ဆောက်ပူဇော်ကတည်းက ဖူးချင်လွန်းလို့ လွန်ခဲ့တဲ့ ခြောက်လကတည်းက လာရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရားကြီးကို တည်ဆောက်နေတဲ့အချိန်ဆိုတော့ အပြင်ကနေပဲ ဖူးမြော်ပြီး ပြန်ခဲ့ရတယ်။ တစ်သက်မှာတစ်ခါ အခုလိုဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့လာ ရောက်ဖူးမြော်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်သက် ဖူးမြော်ခဲ့ရတဲ့ ဘုရားတွေထဲမှာ စကျင် ကျောက်တွေနဲ့ ထုဆစ်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက အင်မတန်မှ ထူးခြား သပ္ပာယ်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အတွက်လည်း ဒီဘုရားကြီးဟာ သမိုင်းစဉ်အဆက် ဂုဏ်ယူစရာကောင်းပြီး သာသနာတော်အတွက်လည်း အဓွန့်ရှည်မယ့် ဘုရားကြီးတစ်ဆူပါ။ ဘုရားကြီးတည်ဖို့ စကျင်ကျောက်တုံးတော်တွေကို ရေလမ်း၊ ကုန်းလမ်းကြောင်းတွေကနေ အဆင့်ဆင့် ပင့်ဆောင်ခဲ့ရတယ်လို့သိရတယ်။ ဒီလို အခက်အခဲအမျိုးမျိုးကို ကျော်လွှားပြီး ကြည်ညိုသပ္ပာယ်စရာကောင်းလွန်းလှတဲ့ ဘုရားကြီးကို တည်ဆောက်ပူဇော်ခဲ့တဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော် ကြည်ညိုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဒေါ်ခင်သန်းဝင်း ( ပုဗ္ဗသီရိမြို့)

 စကျင်ကျောက်တုံးတော်ကြီးတွေ ပင့်ဆောင်ပြီး စတင်ထုဆစ်ပူဇော်နေကတည်းက လာရောက် ဖူးချင်နေခဲ့တာပါ။ အခုတော့ ရင်ထဲက ဖူးမြော်ချင်နေတဲ့ဆန္ဒလေး ပြည့်ဝသွားပါပြီ။ အလွန်အားရ ဝမ်းသာဖြစ်မိပါတယ်။ ဒီလို ဉာဏ်တော်မြင့်တဲ့ဘုရားကြီးကို ကျွန်မတစ်သက် တစ်ခါမှမဖူးမြော်ခဲ့ရ ပါဘူး။ ကျောက်စာရုံ စေတီတော်တွေကိုလည်း လက်လှမ်းမီသလောက် လေ့လာကြည့်ရှုတဲ့အခါ ဗုဒ္ဓသာသနာတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ပိဋကတ်သုံးပုံ ကျမ်းစာတွေကို စကျင် ကျောက်တွေအပေါ် ခေတ်မီစက် ကိရိယာတွေနဲ့ ထုဆစ်ထားတာတွေ့တော့ ဝမ်းသာပီတိဖြစ်ရပါ တယ်။ အခုလို ကမ္ဘာပေါ်မှာ ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ခမ်းနားထည်ဝါစွာ တည်ထား ပူဇော်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲအားလုံးကို ကျေးဇူးတင်ပါတယ်။ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြတဲ့ ဆရာတော်၊ သံဃာ တော်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေအတွက် ယာဉ်ငယ်တွေ စနစ်တကျ စီစဉ်ပေးထားတဲ့ အပြင် ဘုရားရင်ပြင်တော်ပေါ်ကို တက်တဲ့အခါမှာ စက်လှေကား ထားရှိထားတာကို တွေ့ရတော့ ဝမ်းသာ ကြည်နူးရပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။