Skip to main content

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း ကျင်းပ

နေပြည်တော်   ဩဂုတ်  ၁၁

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် သောကြာနေ့ စကားဝိုင်း၏ အမှတ်စဉ် (၂၅) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့တင်ပြ ဆွေးနွေးမည့် “ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် သီးခြားလွတ်လပ်သည့် ဒါရိုက်တာများ၏ အရည်အသွေးမြှင့်တင်ခြင်း အကြောင်းအရာခေါင်းစဉ်အရ ကုမ္ပဏီများဖွဲ့စည်းတည်ထောင်ရာတွင် ဒါရိုက်တာများ၏ စီမံခန့်ခွဲနိုင်မှု၊ မျှတမှု၊ တာဝန်ယူမှုနှင့်တာဝန်ခံမှု စသည့်အခန်းကဏ္ဍများ၊ ကုမ္ပဏီအဖွဲ့အစည်း၏ ပွင့်လင်းမြင်သာရှိမှုနှင့် သီးခြားလွတ်လပ်သော ဒါရိုက်တာများပါဝင်ဖွဲ့စည်းမှုဆိုင်ရာများကို တင်ပြဆွေးနွေးမည်ဖြစ်သဖြင့် လက်ရှိကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများအတွက် မရှိမဖြစ် အခြေခံကျသည့် အကြောင်းအရာများကို သိနားလည်ခွင့်ရမည်ဖြစ်ကြောင်းနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိမွန်ဇာက ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် သီးခြားလွတ်လပ်သည့် ဒါရိုက်တာများ၏ အရည်အသွေး မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 သတင်းစဉ်