Skip to main content

“ရည်ရွယ်ချက်ကောင်းတွေနဲ့ တည်ဆောက်ပူဇော်ထားပြီး ကြည်ညိုသပ္ပာယ်စရာကောင်းတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်သူတွေ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် တည်ထားပူဇော် အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူများ အခမဲ့လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရာ ယနေ့တွင် အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိစကားသံများနှင့် သာဓုအနုမောဒနာခေါ်ဆိုသံများကို ပြန်လည်ရေးသားဖော်ပြလိုက်ရပါသည်။

ဒေါ်သန်းသန်းဝင်း(ရန်ကုန်မြို့)

ဘုရားကြီး စတင်တည်ဆောက်ပူဇော်ကတည်းက ဖူးမြော်ချင်ခဲ့တာပါ။ ဘုရားကြီးက ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်တယ်လို့ သိရတယ်။ ဘုရားကြီးကို ဖူးမြော်ခွင့်ပေးပြီလို့ သိရတဲ့အတွက် ရန်ကုန်ကနေ လာရောက် ဖူးမြော်တာပါ။ သတင်းစာတွေ၊ တီဗွီတွေကနေ ဘုရားကြီးကို ဖူးမြော်ခဲ့ရပေမယ့် အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်လိုက်ရတဲ့အခါ ရင်ထဲမှာ ပြောမပြတတ်အောင် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘုရားကြီးကို ဖူးမြော်ကြည်ညိုပြီး မုစလိန္ဒကန်၊ ကျောက်စာရုံစေတီတွေနဲ့ နဂါးရုံဘုရားကိုလည်း သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာရှိတဲ့ သုဓမ္မာဇရပ်တွေကို ကျွန်းတိုင်တွေအသုံးပြုပြီး မြန်မာမှုလက်ရာတွေနဲ့ ရှေးမူမပျက် စနစ်တကျ ဆောက်လုပ်ထားတာကိုလည်း တွေ့ရတယ်။ အခုလို ကျယ်ကျယ်ဝန်းဝန်း စနစ်တကျ တည်ဆောက်ထားတော့ ဘုရားဖူးလာကြသူတွေအနေနဲ့လည်း ဘုရားကြီးကို ဖူးမြော်ပြီး အေးအေးဆေးဆေး အနားယူအပန်းဖြေလို့ရတာပေါ့။ ထူးကဲစွာ ဖူးတွေ့ရမယ့် မာရဝိဇယဘုရားကြီးကို ပြည်သူတွေ လာရောက်ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

ကိုခိုင်မင်းသက် (ဇေယျာသီရိမြို့)

ဘုရားကြီးက ကမ္ဘာမှာ အကြီးဆုံး စကျင်ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ဗုဒ္ဓသာသနာတော်ကြီး ထွန်းလင်း တောက်ပမှုကို ပြနိုင်တဲ့အတွက်လည်း ပြည်သူတစ်ယောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျောက်စာရုံစေတီတွေအတွင်းမှာရှိတဲ့ ပိဋကတ်သုံးပုံ ကျမ်းစာတွေကို လေ့လာကြည့်ရှုပြီး ကျောက်စာရုံတွေကနေ ထွက်တဲ့အခါမှာ ဘုရားကြီးရဲ့ မျက်နှာတော်ကို တွေ့မြင်ဖူးမြော်ကြည်ညိုနိုင်ဖို့ စနစ်တကျ တွက်ချက်တည်ဆောက်ထားတာကိုတော့ ကျွန်တော့်အနေနဲ့ အင်မတန်မှအံ့ဩမိပါတယ်။ ဒီလို တည်ဆောက်ထားတာကို ကျွန်တော့်တစ်သက်မှာ အခုမှတွေ့ဖူးတာပါ။ ရည်ရွယ်ချက်ကောင်းတွေနဲ့ တည်ဆောက်ပူဇော်ထားပြီး ကြည်ညိုသပ္ပာယ်စရာကောင်းတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်သူတွေ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဒေါ်နှင်းဆီ (ပျဉ်းမနားမြို့)

ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင် တည်ဆောက်ပူဇော်ကတည်းက ဖူးချင်နေခဲ့တာပါ။ ဘုရားကြီးကို ဖူးမြော်ခွင့် ပြုတဲ့အခါမှာလည်း ဖူးမြော်ချင်လွန်းလို့ မနက်အစော ထမင်း၊ ဟင်းတွေ ထချက်ပြီး သုံးဘီးဆိုင်ကယ်နဲ့ လာရောက်ဖူးမြော်ကြတာပါ။ ရုပ်မြင်သံကြားမှာပဲ ဖူးမြော်ခဲ့ရတဲ့ ဘုရားကြီးကို အခုလက်တွေ့ မျက်မြင်ဖူးတွေ့လိုက်ရတဲ့အတွက် ရင်ထဲဆန္ဒတွေပြည့်ဝသွားသလို ဒီနေ့ကတော့ အပျော်ဆုံးနေ့လည်း ဖြစ်သွားပါတယ်။ ဘုရားဖူးတွေ အေးအေးဆေးဆေးနားနေဖို့ အဆောင်တွေကိုလည်း စနစ်တကျ ထည့်သွင်းထားတဲ့အတွက် ဘုရားဖူးရင်း အတူလာခဲ့တဲ့ အိမ်နီးချင်း မိသားစုတွေနဲ့ အနားယူ အပန်းဖြေဖြစ်ခဲ့ကြပါတယ်။ နောက်တစ်ခါ လာရောက်ဖူးမြော်ဦးမှာပါ။ ဒီလိုမျိုး ကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဘုရားကြီးကို တည်ဆောက်ပူဇော်ပေးကြတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ဗုဒ္ဓဘာသာဝင်တွေကိုယ်စား အထူး ကျေးဇူးတင်ပါတယ်။

ကိုဖြိုးကိုကို (တပ်ကုန်းမြို့)

မာရဝိဇယဘုရားကြီးကို ဖူးမြော်ခွင့်ပြုနေပြီလို့ သိရတဲ့အတွက် ကျွန်တော်တို့ သူငယ်ချင်း မိသားစုတွေစုပြီး မအားတဲ့ကြားက တကူးတက လာရောက်ဖူးမြော်ကြတာပါ။ အခုလို ဘုရားကြီးကို မျက်မြင်ကိုယ်တွေ့ လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီဘုရားကြီးက နေပြည်တော်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွား တော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံး ဘုရားကြီးဖြစ်တာကြောင့် မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာအဖြစ် ပေါ်ထွန်းလာခဲ့သလို ဘာသာသာသနာအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်ပါတယ်။ ဘုရားကြီးကို နေပြည်တော်က ဒေသခံတွေအပြင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဘုရားဖူးပြည်သူတွေ တစ်ခဲနက် လာရောက်ဖူးမြော်ကြ တာလည်း တွေ့ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေအနေနဲ့ ဒီဘုရားကြီးကို ဖူးမြော်ပြီး နေပြည်တော်က အထင်ကရနေရာတွေကိုလည်း လာရောက်လည်ပတ်ကြပါလို့ ပြောချင် ပါတယ်။

ဒေါ်မြင့်မြင့်သိန်း (ပုဗ္ဗသီရိမြို့)

ကျွန်မတို့ မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် ကြီးတွေထဲမှာ ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်မြတ်ကြီးကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို မျက်မြင်ကိုယ်တွေ့ဖူးမြော်ရတာ အလွန်သပ္ပာယ် ကြည်ညိုစရာကောင်းပါတယ်။ အခုလို ရုပ်ပွားတော်မြတ်ကြီးကို ခမ်းနားထည်ဝါစွာ ထုဆစ်ပူဇော်နိုင်တဲ့အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တီဗွီမှာ ဖူးမြော်ရတာနဲ့ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ရတာ အလွန် ကွာခြားလှပါတယ်။ ကျောက်စာရုံစေတီတွေမှာလည်း ပိဋကတ်သုံးပုံကျမ်းစာတွေကို ရေးထိုးထားတာကိုလည်း အံ့မခန်းတွေ့ရပါတယ်။ မုစလိန္ဒကန်နဲ့ နဂါးရုံဘုရားကိုလည်း သွားရောက်ဖူးမြော်နေကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော် ကြပြီး ကုသိုလ်ဘာဝနာပွားများကြဖို့ တိုက်တွန်းချင်ပါတယ်။

တွေ့ဆုံမေးမြန်- လုလင်ငယ်

ဓာတ်ပုံ- လုလင်ပျို