Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖ များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေးပြောကြား

နေပြည်တော်၊ ဩဂုတ် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖ များအား အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးမှ အစပြု၍ ဘက်ပေါင်းစုံတွင် ကောင်းမွန်သည့် အခြေအနေတွင်ရှိနေပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေတွင် ရပ်တည်နိုင်နေခြင်းမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံး၏ ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် ဒေသခံ ပြည်သူလူထုတို့၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုကြောင့်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် လုပ်ဆောင်ချက်ကောင်းများနှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဆန်ဖူလုံမှုသည်လည်း မြင့်မားမှုရှိသည်ကို တွေ့ရှိရပြီး အရည်အသွေးကောင်းသည့် စပါးမျိုးများကို ပိုင်ဆိုင်ထားကြောင်း၊ ပညာရေးနှင့်ပတ်သက်၍လည်း ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းတက်ရောက်သူဦးရေ အများဆုံး၊ ကျောင်းနေထိုင်မှုနှင့် အမြင့်ဆုံးဖြစ်သည်ကိုတွေ့ရှိရပြီး ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများကို ခရိုင် ၅၀ ခု၌ ဖွင့်လှစ် ထားရှိပြီး ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဧရာဝတီတိုင်း ဒေသကြီး၏ ဆောင်ရွက်ချက်များအားလုံးကို အသိအမှတ်ပြုအားပေးပါကြောင်းနှင့် တက်ရောက် လာကြသည့် မြို့မိ၊ မြို့ဖ များအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများက ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲနှင့် တိုက်ရိုက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခွင့်ရသည်မျိုးမှာ ယခင်က မရှိခဲ့ပါကြောင်း၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် အောက်ခြေထိဆင်း၍ အကွက်ကျကျ ဆောင်ရွက်နေသဖြင့် အားကိုးဂုဏ်ယူမိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းတိုးတက်ရေး၊ မြေအရည်အသွေးထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များ၊ ပုလဲ၊ ယူရီးယားနှင့် အခြားသော ကွန်ပေါင်းဓာတ်မြေဩဇာများစွာကို ကာလရှည်ကြာ အသုံးပြုခဲ့သဖြင့် မြေအရည်အသွေးကို ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် မြေအရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်သွားရန်လိုအပ်ချက်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်တစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် ကောင်းမွန်လျက်ရှိပြီးဖြစ်သော်လည်း အချို့သော လမ်းပိုင်းနေရာများ၌ အဆင့်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိမှုတို့ကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထွက်နှုန်းတိုးတက်ရေးအတွက် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို ပြည့်ဝစွာထည့်သွင်းရမည်ဖြစ်သကဲ့သို့ မြေအရည်အသွေး ကောင်းမွန်ရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပိုက်ဆံလျှော် စိုက်ပျိုးခြင်းဖြင့် သဘာဝမြေဩဇာကိုရရှိစေနိုင်ပြီး မြေဆီမြေနှစ်များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ ရှိပြီးဖြစ်သည့် မျိုးရင်းများ မပျောက်ကွယ်စေရေးနှင့် အရည်အသွေးကျဆင်းမှုမရှိစေရေး သုတေသနပြုလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်နေရန်လည်းလိုကြောင်း၊ ယနေ့ခေတ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သဖြင့် အစိုးရကဆောင်ရွက်မှုများသည်သာမက ဒေသအလိုက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း တစ်ဦးချင်း ကြိုးစားအားထုတ်ရန်လိုကြောင်း၊ အစိုးရအနေဖြင့် မူဝါဒပိုင်းဆိုင်ရာများကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများမှ ကုန်ကြမ်းများဖြင့်လည်း တိရိစ္ဆာန် အစားအစာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးသည် ငါးမွေးမြူရေးပြုလုပ်ရန် ကောင်းမွန်သည့်ဒေသတစ်ခုဖြစ်ကြောင်း၊ အဆင့်မြင့် ငါးထုတ်ကုန်များကို ရောင်းချနိုင်မည့် ဈေးကွက်သည်လည်းရှိပြီးဖြစ်ကြောင်း၊ နွားမွေးမြူရေးနှင့်ပတ်သက်၍လည်း အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေတွင်ရှိပြီးဖြစ်သဖြင့် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက ဒေသနှင့်တိုင်းပြည်အတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း။

အထွက်နှုန်းကောင်းမွန်ရေးအတွက် ဓာတ်မြေဩဇာများစွာ ထည့်သွင်းအသုံးပြုခြင်းသည် မူလမျိုးကောင်းမျိုးသန့်များ၏ အရည်အသွေးကို ထိခိုက်လာစေသည်ကို တွေ့ရှိရကြောင်း၊ သဘာဝမြေဩဇာကို အတတ်နိုင်ဆုံးသုံးစွဲခြင်းဖြင့် မြေအရည်အသွေးနှင့် မျိုးအရည်အသွေးကို ထိန်းသိမ်းသွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မြေများကို စနစ်တကျပြုပြင်၍ ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမွန်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရမည်၊ စိုက်ပျိုးရေ၊ အောင်ရေလုံလောက်စွာ ရရှိနိုင်ရမည်၊ စိုက်နည်းစနစ်များ မှန်ကန်ရမည်ဖြစ်ကြောင်း၊ အထက်ပါ အချက်လေးချက်ဖြင့်ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

လမ်းပန်းဆက်သွယ်မှုနှင့် ပတ်သက်၍ ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည် နေ့စဉ် ယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းသွားလာလျက်ရှိကြောင်း၊ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်များ တွင် နေ့စဉ်ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်၍ လမ်းများကို အဆင့်မြှင့်တင်ရသည်ဖြစ်သဖြင့် အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပုသိမ်လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက်လည်း သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၌ ယခင်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းကြီးများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရသဖြင့် နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားဖူလုံမှုနှင့်ပတ်သက်၍ ထိခိုက်နစ်နာခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

ပုသိမ်မြို့၏ လူနေမှုစနစ်မြှင့်တင်နိုင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျဖြစ်အောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသခံများကလည်း စည်းကမ်းစနစ်တကျအတိုင်း လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးတွင် စံနမူနာပြတိုင်းဒေသကြီးအဖြစ် ဖော်ဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ မြို့မိ၊ မြို့ဖများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး အဖွဲ့ဝင်များသည် ပုသိမ်မြို့ ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ၎င်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ကစေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများနှင့် စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေး အမြဲမပြတ် ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်များအား လှည့်လည် ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။