နေပြည်တော် ဩဂုတ် ၁၀
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာရှိ တောင်သူဒေါ်ယုယုလွင်၏ လယ်၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြ သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးလုပ်ငန်းများ ရာသီအချိန်မီ ဆောင်ရွက်နိုင်ရန် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ မဖြစ်မနေကူးပြောင်းဆောင်ရွက် ရမည်ဖြစ်သည့်အတွက် စက်ဖြင့်ထွန်ယက်ခြင်း၊ စက်ဖြင့် မျိုးစေ့ချခြင်း၊ စက်ဖြင့်စိုက်ခြင်း၊ စက်ဖြင့် ရိတ်ခြင်းလုပ်ငန်းများကို မြို့နယ်များရှိ ထွန်စက်စခန်းကြီးများမှ တောင်သူများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ နည်းစနစ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ရေကိုတန်ဖိုးထားသုံးစွဲခြင်းနှင့် သွင်းအားစုများ ပြည့်ပြည့်ဝဝထည့်သွင်းပြီး စနစ်တကျဆောင်ရွက်မည်ဆိုပါက စားရေရိက္ခာဖူလုံ ရေးနှင့် ဝမ်းစာပြည့်မီရေးအတွက် မိမိတို့ လိုအပ် သော ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ပျိုးမှုအခြေအနေ၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူးက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် သီးနှံအမျိုးမျိုးကို စက်ကိရိယာ အသုံးပြု၍ စိုက်ပျိုးမှုအခြေအနေနှင့် တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်သူများ၏ မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုနှင့်စပါးမျိုးစေ့ချ ပျိုးထောင်စက်၊ ကောက်စိုက်စက်နှင့် တွဲဖက်သုံး စပါးမျိုးစေ့ချကိရိယာ သရုပ်ပြဆောင်ရွက်နေမှုများကို ကြည့်ရှုကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင် တမံရှင်းလင်းဆောင်၌ ရေအသုံးချသူများအဖွဲ့(WUG)နှင့် တွေ့ဆုံခဲ့ပြီး နေပြည်တော်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရေဆင်းရေလှောင်တမံ ဆိုင်ရာ အချက်အလက်များ၊ ဆည်အတွင်းသို့ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ စိုက်ပျိုးရေပေးဝေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားပြီး ဆည်အတွင်း ရေဝင်ရောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီး မင်းနောင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ တာဝန်ရှိသူများနှင့်အတူ မင်္ဂလာကန်အမှတ်(၂)၏ ကန်ပတ်လမ်းတွင် ဆောင်ရွက်နေသည့် မော်တော်ယာဉ် ရပ်နားရန်နေရာပါဝင်သော မြေယာရှုခင်းအတွက် မြေပြင်ဆင်နေမှုနှင့် ပန်းအလှပင်စိုက်ပျိုးမှု၊ ကြာနှင့်ဗေဒါများ၊ အမှိုက်များကို ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာကန်ရေပြင် ကြည်လင်သန့်ရှင်းစေရေး ဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်