Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဩဝါဒခံယူ

ရန်ကုန် ဩဂုတ် ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ကုန်းမြေ မဟာနာယကကျောင်း တော်ကြီးဘုရားခန်းမ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တာဝန်ကျဒုတိယအဖွဲ့ခွဲ ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက် ထားသည်။

ပြည်ထောင်စုဝန်ကြီးက လျှောက်ထားရာတွင် ဆရာတော်ကြီးများအား ဦးဦးဖျားဖျား လာရောက်ဖူးမြော်ကြည်ညိုခွင့် ရရှိခဲ့ခြင်းကြောင့် သမဏာနဉ္စဒဿန မင်္ဂလာတရားများ တိုးပွားရပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ထေရဝါဒငါးနိုင်ငံအနက် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဟူသော သာသနာတော်ကြီး သုံးရပ်တွင် ဝိနည်းသိက္ခာပုဒ် ကျင့်သုံးရာ၌ အလေးအနက်ထားသည့် နေရာတွင် သော်လည်းကောင်း၊ တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော် ၁၅ ပါး ပေါ်ထွန်းနိုင်ခဲ့ခြင်းသည်လည်းကောင်း မြန်မာနိုင်ငံ တစ်နိုင်ငံတည်းသာရှိသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ သာသနာတော်နှစ် ၅၀၀၀ တည်တံ့ရေးတွင် တပည့်တော်တို့၏ မြန်မာနိုင်ငံတော်ကြီး တစ်ခုတည်း သာ နောက်ဆုံးခံတပ်ကြီးဖြစ်နေမည်ဟု ခံယူမိပါကြောင်း၊ သို့ဖြစ် ပါ၍ ဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ အဓွန့်ရှည်ပြန့်ပွား စေရေးအတွက် ဆရာတော်ကြီးများက လိုအပ်သည်များကို လမ်းညွှန်ဩဝါဒပေးတော်မူပါရန်နှင့် တပည့်တော်တို့အနေဖြင့် ဆရာဒကာလက်တွဲ၍ ဝိုင်းဝန်းကူညီထောက်ပံ့အားပေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း တင်ပြလျှောက်ထားသည်။

ယင်းနောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဩဝါဒကထာ မြွက်ကြားရာတွင် မြတ်စွာဘုရား၏ သာသနာတော် မြတ်ကြီး သန့်ရှင်းတည်တံ့ အဓွန့်ရှည် ပြန့်ပွားရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စများစွာရှိပါကြောင်း၊ ထိုကိစ္စများစွာထဲမှ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားသည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဘုရားရှင်၏ သာသနာတော်ကြီး အရှည်ခံ့တည်တံ့ ပြန့်ပွားနိုင်ကြောင်းဖြစ်သည့် ပိဋကတ်တော်များကို ကျောက်စာရေးထွင်းခဲ့ခြင်းဖြစ်ပြီး ထို့ထက်ပို၍ ပြန့်ပွားရန်ဆဋ္ဌသင်္ဂါယနာ တင်ချိန်မှစ၍ ပိဋကတ်ပုံနှိပ်တိုက်က ပါဠိတော်၊ အဋ္ဌကထာကျမ်းစာအုပ်များ ပုံနှိပ်၍ ထုတ်ဝေမှုကိုပို၍ ဆောင်ရွက် ပေးသင့်ကြောင်း၊ မဃဒေဝလင်္ကာ ဆရာတော်ကြီး ညွှန်ကြားတော်မူ ခဲ့သည့်အတိုင်း သူများထက်သာသည့် မေတ္တာ၊ ကရုဏာ၊ ခန္တီတရားများကို မိမိသန္တာန်၌ထားပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်တိုင်း အောင်မြင်မှုဆိုသည့်တရားများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း မိန့်ကြားသည်။

မိန့်ကြား

ဆက်လက်၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရက ဩဝါဒကထာ မြွက်ကြားရာတွင် အပ္ပမာဒေန သမ္ပာဒေထ မေ့မေ့လျော့လျော့ မနေကြနှင့်ဟူသည့် တစ်ခွန်းတည်းကိုသာ မြတ်စွာဘုရားရှင်က တပည့်ပရိသတ်များကို မှာကြားခဲ့ကြောင်း၊ မည်သည့်အရာကိုမျှ ကာယကံဖြစ်စေ၊ ဝစီကံဖြစ်စေ၊ မနောကံဖြစ်စေ အမှတ်တမဲ့ မေ့မေ့လျော့လျော့ဖြင့် မလုပ်မိကြစေရန် မြတ်စွာဘုရားရှင်က မှာကြား ခဲ့ခြင်းဖြစ်ကြောင်း၊ အားလုံးသော ပုဂ္ဂိုလ်များကလည်း ဗုဒ္ဓမြတ်စွာ သာသနာ၏ အဆုံးအမသြဝါဒ ဖြစ်သည့် အပ္ပမာဒတရား လက်ကိုင်ထားပြီး မိမိတို့၏ ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို ပြုမူပြောဆို ကြံစည်ဆောင်ရွက်လုပ်ကိုင်ကြရန်လိုအပ်ကြောင်း မိန့်ကြားသည်။

ဆက်လက်၍ ကျောက်မဲဆရာတော်က ဘုရားဟောတရား တော်များကို မှတ်တမ်းတင် ထားခြင်းမှာ အထူးပင်ကောင်းမွန်ပြီး လူသားအားလုံးအမှန်တကယ် လိုက်နာကျင့်သုံးရမည့် အချက်များဖြစ်ပါကြောင်း၊ မကောင်းသည့် အလုပ်မလုပ်နှင့်၊ ကောင်းသည့် အလုပ်ကိုလုပ်၊ မိမိစိတ်ကို ဖြူအောင်ထားရမည်ဆိုသည့် ဗုဒ္ဓမြတ်စွာ၏ တရားတော်အတိုင်းလိုက်နာ ကျင့်သုံးရမည်ဖြစ်ကြောင်း၊ အသင့်အတင့် နှလုံးသွင်းပြီး ယောနိသောမနသိကာရ လက်ကိုင်ထားပြီး ဆောင်ရွက်ပြောဆို ကြံစည်လုပ်ကိုင်ကြရန် ဩဝါဒမိန့်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ် မြတ်က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာနှင့် ရေစက်သွန်းတရား ဟောကြားချီးမြှင့်ပြီး ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 သတင်းစဉ်