Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမြော်ကြသည့် ပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိ စကားသံများ

တွေ့ဆုံမေးမြန်း - မင်းဂျိုင်း

ဓာတ်ပုံ - သန်းပြည့်

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ ၁၆ ရက် အထိ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ တတိယနေ့ဖြစ်သော ဩဂုတ် ၁၀ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ တတိယနေ့ဖြစ်သော ဩဂုတ် ၁၀ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘုရားဖူးရောက်ရှိလာသော မြန်မာနိုင်ငံ တစ်ဝန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံပြီး ၎င်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနု မောဒနာခေါ်ဆိုသံများ၊ အနာဂတ်ဗုဒ္ဓသာသနာ အတွက် မြော်တွေး၍ တက်ကြွသောစကားသံများကို ကြားသိခဲ့ရပါသည်။ အဆိုပါဘုရားဖူးပြည်သူများ၏ ရင်တွင်းဝမ်းသာပီတိ စကားသံများကို ပြန်လည်ရေးသားမျှဝေလိုက်ရပါသည်။

ဆရာတော် ဥူးသီရိန္ဒ (ရန်ကုန်မြို့)

ဆရာတော်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို တည်နေတယ်ကြားကတည်းက ဖူးမြော်ချင်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ စကျင်ကျောက်တုံးကြီးတွေကို ခက်ခက်ခဲခဲသယ်ဆောင်ပြီး တည်ထားတဲ့ ရုပ်ပွားတော်မြတ်ကြီး ဖြစ်တာကြောင့်ပါ။ ကမ္ဘာမှာ အကြီးဆုံးကျောက်ဆစ် ရုပ်ပွားတော်လည်းဖြစ်၊ ဉာဏ်တော် အမြင့်ဆုံးလည်းဖြစ်၊ ပြီးတော့ နည်းပညာအစုံနဲ့ စနစ်တကျတည်ထားတဲ့ ရုပ်ပွားတော်မြတ်ကြီး ဖြစ်တဲ့ အတွက် လာရောက်ဖူးမြော်တာပါ။ အခုလိုဖူးမြော်ခွင့် ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ထင်ထားတာထက် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် သပ္ပာယ်စွာနဲ့ အခုလိုဖူးမြော်ခွင့်ရတာ သာသနာတော် အတွက်ရော ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဆရာတော်အနေနဲ့ အခုလိုမာရဝိဇယဘုရားကို တည်ထားပေးကြတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူအားလုံးကို သာသနာတော်ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ဦးတင်ရွှေ (တပ်ကုန်းမြို့)

မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ဖို့အတွက် ကျောက်တုံးတော်ကြီးတွေအားလုံးကို ဆီမီးခုံဆိပ်ကမ်းကနေ သယ်ဆောင်လာကတည်းက ရုပ်မြင်သံကြားကနေမြင်ခဲ့ရတယ်။ ဒီလိုမြင်ကတည်းက အားရဝမ်းသာဖြစ်မိတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌကြီးကိုလည်း အင်မတန်ကျေးဇူးတင်ပါတယ်။ ဘယ်တုန်းကမှ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်တဲ့ကိစ္စ၊ ကမ္ဘာမှာ အခုလောက်ကြီးမားတဲ့ မြတ်စွာဘုရားရုပ်ပွားတော်ကြီးကို ဖူးရလိမ့်မယ်လို့ မထင်ထားပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးက ဦးဆောင်ဘုရားဒါယကာအဖြစ် တည်ထားလိုက်တဲ့အတွက် အလွန်ကြည်နူးမိတယ်။ လာရောက်ဖူးတဲ့အခါမှာလည်း တကယ့်အထင်ကရ ဘုရားကြီးကို ဖူးခွင့်ရခဲ့တဲ့အတွက် မျက်ရည်ကျလောက်တဲ့အထိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျွန်တော့်လိုပဲ နိုင်ငံတစ်ဝန်းမှာရှိကြတဲ့ လူတွေအားလုံးလည်း ဝမ်းသာပီတိဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မာရဝိဇယဘုရားကြီး ဖူးမြော်ပြီးတဲ့အခါမှာ ဘုရားကြီးရဲ့ ဉာဏ်တော်တွေနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို ရယူထားပါတယ်။ လာရောက်ဖူးမြော်ဖို့ မလာဖြစ်သေးတဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ မိသားစုတွေကိုပြောပြပြီး အခုလိုမျိုး ကြုံတောင့်ကြုံခဲအချိန်မျိုးမှာ လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ရုပ်ပွားတော်မြတ်ကြီးရဲ့ ရှေ့မျက်နှာမူရာတည့်တည့်မှာ ပိဋကတ်တော်တွေကို ထွင်းထုထည့်သွင်း ထားတယ်။ ဒီလိုလုပ်ထားတာမျိုးကလည်း ရှားပါတယ်။ ကျောက်စာရုံစေတီတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာရတာလည်း ဝမ်းသာမိပါတယ်။

ဦးမြင့်သိန်း(ကျောင်းကုန်းကျေးရွာ၊ ပျဉ်းမနားမြို့)

ကျွန်တော်တို့အနေနဲ့ ကမ္ဘာပေါ်က ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့အတွက် လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ဘုရားဆင်းတုတော်ကြီးရဲ့ ပတ်ချာလည်မှာ တည်ရှိတဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာတော်တွေကို ထုဆစ်ထားတဲ့ ဗိသုကာလက်ရာတွေ၊ မုစလိန္ဒကန်နဲ့ ကျောက်စာရုံစေတီတော်တွေကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ကျောက်စာတွေကို ပါဠိအက္ခရာနဲ့ Romanize Language ထွင်းထုထား တာ တွေ့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဖတ်ဖို့တော့ လက်လှမ်းမမီပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အရှည်တည်တံ့ခိုင်မြဲအောင် ပိဋကတ်သုံးပုံစာတွေရှိမှ အရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။ အဲဒီတော့ စာရွက်နဲ့အက္ခရာ တင်မယ်ဆိုရင် ပျက်စီးနိုင်ပါတယ်။ ဒီလိုကျောက်ထက်အက္ခရာ တင်ထားခြင်းအားဖြင့် ပိဋကတ်သုံးပုံတွေဟာ မပျောက်မပျက် မပျက်မစီးဘဲနဲ့ ရေရှည်တည်တံ့ ခိုင်မြဲမှာ ဖြစ်ပါတယ်။

ဒေါ်ဝင်းစိန် (နွယ်ရစ်ကျေးရွာ၊ တပ်ကုန်းမြို့)

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လာရောက်ဖူးမြော်ခွင့်ရပြီဆိုတာကို ကြားသိရတဲ့အတွက် လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်တဲ့အခါမှာ ကျွန်မတို့လို သက်ကြီး ရွယ်အိုတွေနဲ့ သံဃာတော်တွေကို ဘုရားမုခ်ဦးရှေ့ကနေ ဘုရားပရိဝုဏ်အတွင်းရှိ ဘုရားရင်ပြင်တော်ဆီကို မော်တော်ယာဉ်ငယ်လေးတွေနဲ့ စနစ်တကျ ပို့ဆောင်ပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ခံစားရပါတယ်။ ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အခုလိုမျိုးဖူးမြော်ခွင့် ရတဲ့အတွက် ကျေနပ်ရပါတယ်။

ဦးသန်းထွန်း (နေပြည်တော်)

အခုလိုဘုရားကြီးကို လာရောက်ဖူးမြော် ကြည်ညိုကန်တော့ရတဲ့အတွက် အင်မတန် ကြည်နူး ပီတိဖြစ်မိပါတယ်။ နိုင်ငံတော်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ပါတယ်။ ဘုရားကြီးပြီးမြောက်အောင်မြင်ရေးအတွက် အဘက်ဘက်က ဝန်းရံပေးကြတဲ့ ပြည်သူလူထုတွေ၊ စေတနာရှင်၊ ကုသိုလ်ရှင်၊ အလှူရှင်တွေ၊ ဘုရားဒါယကာ၊ ဘုရားဒါယိကာမအပေါင်းနဲ့ ဆရာတော်သံဃာတော်တွေကိုလည်း အင်မတန်ကျေးဇူးတင်မိပါတယ်။ အခု လိုမျိုးသားစဉ်မြေးဆက်သမိုင်းမှာ တွင်ကျန်ရစ်မယ့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်တွေအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမယ့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါတယ်။

နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ဘယ်လိုပင် ကောင်းမွန်အောင် လုပ်ဆောင်လည်းပဲ အဖျက် ဆိုတာ နေရာတိုင်းမှာရှိနေဆဲပါ။ လူမိုက်တွေရဲ့ ဝိုင်းဝန်းရှုတ်ချအပြစ်တင်တာကိုလည်း ဂရုစိုက်ဖို့ မလိုပါဘူး။ တကယ်တော့ သူတော်ကောင်းတွေက အပြစ်တင်ဝေဖန်မှာကိုပဲ စိုးရိမ်ရတာပါ။ အခုတော့ သူတော်ကောင်းတွေက ဝမ်းမြောက်ဝမ်းသာပီတိ ဖြစ်တယ်ဆိုရင် နိုင်ငံအတွက် ဝမ်းသာဂုဏ်ယူရမှာ ဖြစ်ပါတယ်။

ဦးလှမောင်(နေပြည်တော်)

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော် နေတဲ့အချိန်ကစပြီး လာရောက်ဖူးမြော်ချင်တဲ့ဆန္ဒ တွေဖြစ်နေခဲ့တာပါ။ အခုတော့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အင်မတန် ဝမ်းသာမိပါတယ်။ ရုပ်ပွားတော်မြတ်ကြီးက မြန်မာရဲ့ဂုဏ်ကို ဖော်ပြနေသလို မြန်မာကို ကမ္ဘာကသိအောင် ဖော်ပြနေသလိုဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ အခုလို ခမ်းနားကြီးကျယ်လှတဲ့ ဘုရားကို အနယ်နယ်အရပ်ရပ်က အများပြည်သူတွေ လာရောက် ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ဘုရားမှာ ၂၄ ပစ္စည်း၊ ပဋ္ဌာန်းပူဇော်ထားတာတွေကို လေ့လာပူဇော်ဖြစ်ပါတယ်။ ပြီးတော့ ကျောက်စာရုံကိုလည်းသွားရောက် လေ့လာ ဖူးမြော်ဦးမယ်။ အခုလိုကြီးကျယ်ခမ်းနား လှတဲ့ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရတဲ့ အတွက် ပြောမပြတတ်အောင် ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလို စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ ခမ်းနားလှတဲ့ဘုရားကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ ဒါကြောင့် ကမ္ဘာသူကမ္ဘာသားအားလုံးကို လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ကိုအတီး(ရန်ကုန်မြို့)

အခုလို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ခွင့်ရတာ ဝမ်းသာပါတယ်။ ဘုရားကြီးက ထင်ရှားသပ္ပာယ်ပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်တွေထဲမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့အတွက် မြန်မာနိုင်ငံ သားတစ်ယောက်အနေနဲ့ အင်မတန်ဂုဏ်ယူရပါ တယ်။ ဘုရားကို ဦးဆောင်ပြီး တည်ထားတဲ့ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘုရားကြီးပြီးလို့ ဖူးမြော်ခွင့်ရပြီ ဆိုကတည်းက ဖူးမြော်ချင်ခဲ့တာပါ။ အခုလို ဖူးမြော်ခွင့်ရတော့လည်း ဝမ်းသာပီတိဖြစ်ရ ပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကို မည်သူမဆို လာရောက်ဖူးမြော်စေချင်ပါတယ်။ အားလုံးကိုလည်း လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါ်ယဉ်ယဉ်အေး(ရန်ကုန်မြို့)

အခုလို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ရတာ အတိုင်းမသိဝမ်းသာပီတိ ဖြစ်ရပါတယ်။ ရန်ကုန်ကနေ လာရောက်ဖူးမြော်တာပါ။ မြန်မာနိုင်ငံမှာ အကြီးဆုံး ရုပ်ပွားတော်ကြီးဖြစ်တဲ့အတွက် အတိုင်းမသိ ပြောမပြတတ်အောင် ဝမ်းသာ ပီတိဖြစ်ရပါတယ်။ တီဗွီကနေ ရုပ်ပွားတော်မြတ်ကြီးရဲ့ အစိတ်အပိုင်း စကျင်ကျောက်တွေကို ခက်ခက်ခဲခဲ သယ်ဆောင်ရတာတွေ၊ ပြီးတော့ ခေတ်မီနည်းပညာတွေနဲ့ ထုဆစ်တာတွေကို ကြည့်ရပါတယ်။ ပြီးတော့ စကျင်ကျောက်ပေါ် ခေတ်မီနည်းပညာတွေနဲ့ ကျောက်စာထွင်းတာတွေကို ကြားသိပြီး စိတ်ဝင်စားပြီး လာရောက်ဖူးမြော်ဖြစ်တာပါ။ အားလုံးလည်း လာရောက်ဖူးမြော်ကြပါလို့ ပြောချင်ပါတယ်။

ဦးအောင်ကျော်ဦး(နေပြည်တော်)

မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာမှာ မြန်မာလို့ကျော်ကြားစေသလို ဒို့မြန်မာတွေ ဘယ်လောက်လုပ်နိုင်တယ်ဆိုတာ ပြသလိုက်သလိုပါပဲ။ ကမ္ဘာမှာ မြန်မာကပဲ ဉာဏ်တော်အမြင့်ဆုံး ကျောက်ဆစ်ရုပ်ပွားတော်ကို တည်နိုင်တယ်ဆိုတာ ဂုဏ်ယူစရာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသား တစ်ယောက်အနေနဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်စေချင်ပါတယ်။ ရုပ်ပွား တော်မြတ်ကြီးကို ထုဆစ်ကြတဲ့ မြန်မာဗိသုကာ ပညာရှင်တွေ အင်မတန်တော်ကြပါတယ်။ ဒီလိုခမ်းနားထည်ဝါစွာ တည်ထားပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။