Skip to main content

နိုင်ငံတော်အနာဂတ်အတွက် ရှေးရှုဆောင်ရွက်

ပညာရည်မြင့်မားတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုသည်။ ပညာဖြင့် နိုင်ငံကိုတည်ဆောက်၊ ပညာဖြင့်ပင်အရာရာကို ပြုပြင်ဖန်တီးဆောင်ရွက်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ ပညာရည်မြင့်မားရေးဆိုင်ရာကိစ္စများကို အားပေးမြှင့်တင်ဆောင်ရွက်ခဲ့သည်။

နိုင်ငံအနာဂတ်အတွက် ပညာရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိနေသဖြင့် “မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များ မွေးထုတ်ပေးနိုင်ရေး ဆရာ ဆရာမများသာမက မိဘများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက် ပေးကြစေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ဩဂုတ်လ ၉ ရက်နေ့က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ယခင်က ပညာရေးစနစ်၏ အားနည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှု၊ ဆင်းရဲနွမ်းပါးမှုစသည့် အကြောင်းအမျိုးမျိုးကြောင့် လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ၏ ပညာရေးတွင် အားနည်းချက်များရှိခဲ့သည်။ ကျောင်းသား ကျောင်းသူများ ပညာတတ်မြောက်ရေး၊ အတန်းအောင်မြင်ရေးကို ဆရာ ဆရာမများက သင်ကြားပေးခဲ့သော်လည်း အခြားမှန်ကန်သောအတွေးအခေါ်နှင့် အသိ အမြင်များရရှိရေးအတွက် တည့်မတ်ပေးရေးအပိုင်းတွင် လိုအပ်ချက်များရှိခဲ့သည်။ ထို့ကြောင့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများဖြစ်စေရေးကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအားနည်းမှုတွင် နိုင်ငံသူ နိုင်ငံသားအများစုမှာ ဘဝရပ်တည်ရှင်သန်ရေးကို ဦးစားပေးကြရသဖြင့် ပညာရေးတွင် ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိဘဲ အဟောသိကံဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ပညာတတ် များနည်းပါးပြီး နိုင်ငံဖွံ့ဖြိုးမှု နိမ့်ကျလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံ့တာဝန်ယူသည့်အခါ အဆိုပါပညာရေးကွက်လပ်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ဦးစွာတိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။ ပညာသင်ကြားရေးတွင် ဆရာ ဆရာမများ၏အခန်းကဏ္ဍမှာ ကျယ်ပြန့်ပြီး အဓိကကျသဖြင့် ဆရာ ဆရာမများ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် နိုင်ငံတော်က တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်သူများ၏ အခက်အခဲအမျိုးမျိုးအရ အတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည်ကို ဖြေရှင်းပေးနိုင်ရန် ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာဘာသာရပ်များ သင်ကြားနိုင်ရေး ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု နည်းပညာဘာသာရပ်များ သင်ကြားတတ်မြောက်ခဲ့သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာသင်ကြားပြီးချိန်တွင် ၎င်းတို့ဘဝတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏ကုန်ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေမည့် လူသားအရင်းအမြစ်များ ရရှိလာ မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်နှင့်ပတ်သက်၍ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်မှုများ များပြားလျက်ရှိခြင်းကြောင့် နိုင်ငံအတွင်းရှိ အချို့ဒေသများ၌ လုပ်သားအင်အားရှားပါးမှုများဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာရေးကို ဖန်တီးဖော်ဆောင်ပေးလျက်ရှိပြီး နိုင်ငံသူ နိုင်ငံသားများ နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် လုံခြုံစိတ်ချစွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေး နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မှသာ နိုင်ငံသားများ၏ ပညာရည်မှာလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံသားအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာမှ သာ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဒေသစီးပွားတိုးတက်လာစေရန် စီးပွားရေးအခြေခံလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ကြပြီး ပညာသင်နှစ်အတွင်း တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေး၊ ကျောင်းနေရာခိုင်နှုန်း မြင့်မားလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပြီး နိုင်ငံအနာဂတ်အတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် အလေးထား ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။          ။